Saturday 15 November 2008

အချစ်ဆွဲအား

(“Newton ကပြောတယ် ကမ္ဘာဆွဲအားက အရမ်းကြီးတယ်တဲ့၊ ကျွန်တော့်အတွက်တော့ အချစ်ဆွဲအားလောက်မကြီးပါဘူး။“)
ကျွန်တော် ရဲ့ ဇာတ်လမ်းလေးကိုမပြောခင် ကျွန်တော့်ကိုယ်ကျွန်တော်မိတ်ဆက်ပေးရမှာပေါ့။ ကျွန်တော့် နာမည် နေ၀န်းနီ ပါ .. မိဘပေးတဲ့ လှတပတ နာမည်လေးပျောက်ပြီး ငါးခူ ဆိုတဲ့ နာမည်ကို သူငယ်ချင်းတွေ ပေးကြတဲ့အကြောင်းကတော့ ကျွန်တော်ပြုံးရင် ငါးခူပြုံးနဲ့တူလို့ပါတဲ့ …. ဘယ်လောက်ဆိုးလိုက်လဲ .. ယှဉ်စရာရှားလို့ ငါးခူနဲ့မှ … ဇာတိကတော့ ပခုက္ကူ .. ရန်ကုန် က ခေါ်တာတော့ အညာ ဆိုတဲ့ဒေသကပေါ့ .. အခုတော့ကျွန်တော် ရန်ကုန်ရောက်နေတယ်လေ … မိဘတွေနဲ့ ခွဲပြီးတစ်ယောက်ထဲလာနေတာပေါ့ ။
ရန်ကုန်မှာ ကျွန်တော် ကျူရှင်တက်နေတာ(၈)လလောက်ရှိပြီ။ ကျွန်တော့်မှာကလုပ်စရာလေးတွေရှိတယ်လေ။ အဲ …
စီးပွားရေးနဲ့ပတ်သတ်တာမဟုတ်ပါဘူး။ ကျွန်တော်က အခု အင်္ဂလိပ်စာ သင်တန်းတွေတက်နေတယ်။ သိတယ်မို့လား .. ဒီခေတ်ကြီးထဲ မှာ ဘာသင်တန်း ညာသင်တန်းတက်နေတာ ဆိုပြီးပြောလို့ရမှ လူရှိန်တာလေ။ တတ်တာ မတတ်တာ အပထား သင်တန်းတက်နေတယ်လို့ပြောလို့ရရင်တော်ပြီလေ။ အဲ.. စကားဘယ်ရောက်သွားပါလိမ့်။ သြော် .. လုပ်စရာဆိုတာက ကျွန်တော့်ရဲ့ အကောင်အထည်မဖော်ရသေးတဲ့ နှလုံးသားဓါတ်ချုပ်တဲ့ပြဿနာလေးပါ။ အဲဒါက ဒီလိုကွဲ့လို့ အစချီပြောလိုက်ရရင် ကျွန်တော့်ဇာတ်လမ်းလေးက ကိုရီးယားကား ဂျူမုံ ထက်တောင် ရှည်သွားအုံးမယ်။ တိုတိုတုတ်တုတ်ပြောရရင် ကျွန်တော့်ကောင်မလေး ကြောင့်ပေါ့။ ကျွန်တော် သူ့ကိုတွေ့ချင်တယ်။ သူက ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် တက်နေတယ်လေ။ ကျွန်တော့် နေတာက ပခုက္ကူ ၊ သူ့ကျောင်းက ရေဆင်း ဆိုတော့ နီးနီးလေးပါပဲ။ ဒါပေမယ့် အိမ်က မိဘတွေကိုမလိမ်ရဲလို့ ပခုက္ကူ မှာရှိနေတုန်း ရေဆင်းကို သွားဖို့ အခွင့်အရေးမရခဲ့ဘူး။ ဒါကြောင့် မိဘတွေနဲ့ဝေးရာ ရန်ကုန်ကို တကူးတက လာနေပြီး သူ့ဆီသွားဖို့ အားထုတ်ရတာပေါ့။ သူဆိုတဲ့ကောင်မလေး ကို ကျွန်တော့်စိတ်ထဲ အမြဲခလုတ်တိုက်နေတာ သူကတော့ ကျောင်းမှာရည်းစားတွေတောင်ရနေပြီလား မသိဘူး။ ဒါမှမဟုတ် ကောက်စိုက်ဖို့ပဲ လက်ချာတွေနဲ့ နပန်းလုံးနေရလားတော့မပြောတတ်ဘူး။ ပညာရှိ မဟုတ်တဲ့ ကျွန်တော် ကလည်း သေချာအောင်ပြေးကြည့်လိုက်မယ်ဆိုပြီး သူလေးရှိရာ
ရေဆင်းကိုလိုက်ဖို့ပြင်တော့တာပေါ့။ ကျွန်တော့်ရဲ့ အကြံအစည်ကို အဆင်းဘီးတပ်ပေး တဲ့သူကလဲ အဆင်သင့်ရောက်နေပါပေါ့လား။ မင်းဆွေ တဲ့ ကျွန်တော့်ဇာတိမြို့က သူငယ်ချင်းပေါ့။ ရန်ကုန်မှာကျွန်တော့်လိုပဲ သင်တန်းဟန်ပြလာတက်နေတာပေါ့။ တစ်နေ့ကြတော့ ကျွန်တော့်အကြောင်းသိနေတဲ့ မင်းဆွေက

“ငါးခူ မင်းရေဆင်းမသွားချင်ဘူးလား“
“ဟာ .. ဘာသွားလုပ်မှာလဲ သင်တန်းတွေပျက်ကုန်မှာပေါ့“

အမှန်တော့ ကျွန်တော် ဟန်ဆောင်ပန်ဆောင်လုပ်နေတာပါ။ သွားချင်တာကမှ တစ်ပိုင်းကိုသေလို့။ အဲဒါကိုသိတဲ့ မင်းဆွေကလဲ “မင်း လျှောက်ပြောမနေနဲ့ သင်တန်း ၄ ရက် မှာ ၂ ရက်ပဲ သွားတဲ့ကောင်ကများ … ကြာတယ်ကွာ လိုက်မလားမလိုက်ဘူးလားပြော …. ရေဆင်းက ငါ့သူငယ်ချင်းကအလည်ခေါ်ထားတာ ကျော်ဇင်ကလဲ လိုက်မှာတဲ့“ ဒီလိုဆိုမဖြစ်ချေဘူး အဖော်ကောင်းတုန်းလေး သွားမှပါဆိုတဲ့ စိတ်နဲ့ ခေါင်းညိမ့်လိုက်တယ်ပေါ့။ “ဒါဆိုလဲ သွားတာပေါ့ဗျာ .. သွားတာကဟုတ်ပြီ ဘာနဲ့သွားကြမှာလဲ“
“ရထားနဲ့လေကွာ .. မင်း ရထားမစီးဖူးသေးဘူးဆို“ ဟုတ်တော့လဲဟုတ်သည် ကျွန်တော် ဒီအသက်အရွယ်ထိ ရထားမစီးဖူးသေးဘူး။ ကျွန်တော်တင်မကပါ ပခုက္ကူသား အများစုက ခရီးသွားရင် ရထားကိုသိပ်အားမကိုးကြပါဘူး။ ဒီလို ရင်ခုန်စရာကောင်းတဲ့ ခရီးစဉ်လေးမှာ တစ်ခါမှ မစီးဖူးသေးတဲ့ ရထားစီးပြီး သူလေးရှိရာ သွားရမှာကိုတွေးပြီး တစ်ကိုယ်ထဲ ပီတိတွေဖြာနေမိတယ်။ စိတ်ကူးလေးနဲ့ တွေးနေရင်း ရုတ်တရက် သတိရလို့ မင်းဆွေဘယ်လှည့်ပြီး

“သွားရအောင်လေ“
“ဘယ်တုန်းဟ“
“ဘူတာကြီးကို လက်မှတ်ဝယ်ရအောင်.. မနက်ဖြန် သင်တန်းပိတ်တယ်လေ“
“မင်းဟာကလည်း အရူးအမဲသားကျွေးမိသလိုတောင်ဖြစ်နေပြီ .. သွားချင်တော့လဲဇွတ်“
“မင်းပဲလာစပြီးတော့.. ခုမှတော့မရတော့ဘူး“
“အေးပါ .. ဟိုရောက်ရင်တော့ သေချာအပိုင်ချုပ်နော်“
“ပိုင်ပါတယ်ကွ“

ပြောမဲ့သာပြောလိုက်ရတယ် ကိုယ့်ကိုကိုယ်တော့ မယုံလှဘူး ။ ဟုတ်တယ်လေ ကျွန်တော်ဆိုတဲ့ကောင်က တစ်ခြားမိန်းကလေးတွေရှေ့ဆိုရင် ဘာမှမဖြစ်ဘူး .. အဲ .. သူ့ရှေ့ရောက်ရင်တော့ ဘယ်လိုကဘယ်လို ဖြစ်တယ်မသိ ဒူးတွေတုန်ပြီး ခြေကသိပ်မခိုင်တော့ဘူး .. ကုန်ကုန်ပြောရရင် သူ့ရှေ့တောင် ခပ်ရဲရဲဖြတ်မလျှောက်ရဲဘူး .. အဲဒီလိုကို ယုံကြည်မှုရှိတာ။
ဒီလိုနဲ့ ညနေရောက်တော့ မင်းဆွေနဲ့ ဘူတာကြီးသွား လက်မှတ်ဝယ်ပေါ့။ ကျွန်တော်က အသိတစ်ယောက်နဲ့တွေ့လို့စကားပြောနေတုန်း မင်းဆွေကလက်မှတ်သွားဝယ်လေရဲ့။ ဒါမျိုးတွေကြောင့် ဒီကောင့်ကို အားကိုးနေရတာ။ ခဏကြာတော့ အောင်နိုင်သူစစ်သူကြီးဟန်ပန်နဲ့ လက်မှတ်ကောင်တာကထွက်လာတဲ့ မင်းဆွေက

“ငါးခူ .. ငါတော်တယ်မို့လား ရှေ့ဆုံးရထားတွဲရဲ့ရှေ့ဆုံးတန်းခုံမှာရတယ်လေ .. ပခုက္ကူသားကွ “

ဘာမှလဲမဆိုင် .. သူကတော့အော်ကြီးဟစ်ကျယ်နဲ့ဂုဏ်ယူလို့မဆုံး.. အဲဒီခုံရရင် အဲဒီလောက်ပျော်နေရမှာ ဟုတ်မဟုတ်တော့ ရထားမစီးဖူးသူမို့မသိ။

“ကဲ .. ပခုက္ကူသားကြီး .. အဆင်ပြေတယ်ဆိုရင်လဲ ရုပ်ရှင်ကြည့်ရအောင် လစ်စို့ “
“အေး သွားတာပေါ့“

အပိုင်း(၂)ဆက်ရန် . . . .

3 comments: