Sunday 16 November 2008

အချစ်ဆွဲအား (အပိုင်း ၂)

(အပိုင်း ၁ မှ အဆက်)

ဒီလိုနဲ့ Transporter 2 ရုပ်ရှင်ကြည့်ဖြစ်ကြပါတယ်။ ရုပ်ရှင်ပြီးတော့ ၁၁ နာရီခွဲပြီလေ.. ဟိုဟိုဒီဒီလဲ လျှောက်မသွားချင်ကြတော့တာနဲ့ အိမ်ပဲတန်းပြန်လာဖြစ်တယ်။ အိမ်ရောက်တော့ မောမောပန်းပန်းနဲ့အိပ်ချင်ပေမယ့်လဲ မနက်ခရီးအတွက် အထုတ်အပိုးတွေကို နှစ်ယောက်သားပြင်ကြဆင်ကြပေါ့။ သြော်.. မစိတ် များကြောက်ဖို့ကောင်းလောက်အောင်စွမ်းတာ ကိုယ့်ဟာကို သတိထားမိပြီးပြုံးဖြစ်သေးတယ်။

အလွန်ကောင်းတဲ့အိမ်မက်လေးမက်နေတုန်း သံပတ်ပေးထားတဲ့နာရီက
နေ့လည် ၁၁ နာရီ မှာ မလိုတမာ ဖျက်ဆီးပစ်လိုက်လို့ ကျွန်တော်နိုးခဲ့ရပြီ။ ဘေးက မင်းဆွေကိုကြည့်လိုက်တော့ အိပ်နေတာများ သိုးလို့။ ကျွန်တော်သူ့ကို နှိုးမနေတော့ပဲ ရေချိုးခန်းဝင်ပြီးရေချိုးလိုက်တယ်။ရေချိုးခန်းကထွက်လာတော့ မင်းဆွေတောင် နိုးနေပြီ။ သူလဲထပြီး ရေချိုး၊ ပြီးတော့နှစ်ယောက်သား နေ့လည်စာထွက်စားဖြစ်ကြတယ်။ စားပြီးတော့ အချိန်ကြည့်လိုက်တော့ ၄ နာရီထိုးခါနီးနေပြီ.. ဒါနဲ့ အိမ်ပြန် အထုပ်အပိုးတွေယူပြီး ဘူတာရုံကို ခပ်သုတ်သုတ်လစ်ခဲ့တယ်ပေါ့ဗျာ။ ရထားချိန်က ၆ နာရီဆိုတော့ ၅ နာရီခွဲလောက်ရောက်မှ တော်ကာကြမယ် လို့ကိုယ့်ဘာသာတွက်ပြီး ဘူတာကို ရောက်လာကာမှ ကိုရွှေရထားက ၁ နာရီလောက်နောက်ကျပြီးမှ ထွက်နိုင်တော့တယ်လေ။ ဒါကို မင်းဆွေက “တောက်… ကိုရီးကားထဲ မှာ အဲလိုနောက်ကျတယ်ဆိုတာမတွေ့ဖူးပါဘူး“ လို့ ညည်းတွားတာကြောင့် ကျွန်တော်က “တစ်ခါတစ်လေတော့လဲ နောက်ကျမှာပေါ့ကွ“ ဆိုပြီး ဖာဖာထေးထေး ပြောပေးတာပေါ့။ အဲဒီ စကားကိုကြားသွားတဲ့ ဘေးကအဖိုးကြီးတစ်ယောက်က “သားတို့က ရထားမစီးဖူးဘူးနဲ့တူတယ် .. ဒါ အချိန်မှန်လာတာပဲလေ .. တစ်ခါတစ်လေ တစ်ရက်လောက်နောက်ကျပြီးမှ ထွက်တာ“
“ဗျာ ..“ နှစ်ယောက်သားပြိုင်တူအသံထွက်အောင်လန့်သွားမိတယ်။ ဒါပေမယ့် ကြာကြာမလန့်နိုင်ပါဘူး .. ရထားထွက်တော့မယ်လို့ကြေငြာချက်ကြောင့် ရထားပေါ်တက်နေရာယူဖို့လုပ်ရတော့တာပေါ့။ ရထားပေါ်မတက်ခင် မင်းဆွေကို လမ်းမှာစားဖို့တစ်ခုခု မ၀ယ်တော့ဘူးလားလို့မေးတော့ “ဟာကွာ .. ပိန်းလိုက်တာ .. မင်း ဘကြီးတော်လက်ထက် မဟုတ်တော့ဘူးကွ ရထားပေါ်မှာ စားစရာတွေအမြဲလာရောင်းတယ်“ လို့ပြောပြီး ရထားပေါ်ကို ဟန်ပါပါတက်သွားလေရဲ့။ ရထားပေါ်ရောက်တော့ မင်းဆွေက ခုံနံပါတ် လိုက်ရှာပြီး ရထားတွဲရဲ့ ရှေ့ဆုံးခုံမှာဝင်ထိုင်လိုက်ပါတယ်။ ကျွန်တော်လဲ သူ့ဘေးနား ၀င်ထိုင်လိုက်ပြီး အထုပ်တွေနေရာချလိုက်ပါတယ်။ သေချာကြည့်မိလိုက်တော့မှ ကျွန်တော်တို့စီးနေတဲ့အတွဲက ရိုးရိုးတန်းကြီးဖြစ်နေတာတွေ့လိုက်ရတာကြောင့် မင်းဆွေကိုလက်တို့ပြီး “ဟေ့ကောင် .. ငါတို့စီးရမှာ ဒီအတွဲဟုတ်ရဲ့လား“ လို့မေးတော့ စိတ်ရှုတ်တဲ့ပုံနဲ့ “ဟုတ်တယ်လေ .. ရော့မယုံရင် မင်းဘာသာကြည့်တော့“ ဆိုပြီး လက်မှတ်ကို ကျွန်တော့်လက်ထဲထိုးပေးပါတယ်။ ကြည့်လိုက်တော့ ၊ ဟုတ်တယ် ဒီအတွဲ ဒီ ခုံနံပါတ်ပဲ။ ကျွန်တော် တော်တော်ကိုစိတ်ညစ်သွားပါတယ် .. တစ်လမ်လုံး ရိုးရိုးခုံကြီးမှာထိုင်ပြီး ဒုက္ခခံရတော့မှာပေါ့။
ဒီကောင့်ကို ယုံပြီးလက်မှတ်ယူမကြည့်မိတာမှားပြီ။ မတက်နိုင်ဘူး အချစ်တွက်ဆိုအသက်ပင်သေသေ ဆိုပြီးပြောကြတယ်မှတ်လား။ ဒီလောက်တော့သည်းခံရမှာပေါ့။မင်းဆွေက ပြတင်းပေါက်တွေဖွင့်ပြီး အပြင်ကိုဟိုကြည့်ဒီကြည့် လုပ်နေရာက “ဟေ့ကောင်.. ဟိုရောက်ရင်တော့ငါ့ကို တိုက်ရမယ်နော်“
“အေးပါကွ GTC တက်တုန်းကလို Grand တစ်ပြားနဲ့ ပဲကြီးလှော် ဆိုဖြစ်တယ်မှတ်လား“
ကျွန်တော် ခပ်တည်တည်နောက်လိုက်တယ်။ ဒါကို မင်းဆွေက မျက်စိပျက်မျက်နှာပျက် နဲ့
“အဲဒီလိုဆို မလိုက်တော့ဘူးနော် ဟေ့ကောင်“
“ဟာကွာ .. မင်းကလဲငတ်ကြီးကျနေပြန်ပြီ .. တိုက်မယ်ကွာ .. ကြိုက်တာလဲကျွေးမယ် ပြီးရင် ဆန်ဝယ်ရင်တောင် မင်းကောင်မလေးဆိုင်မှာဝယ်ဖို့ ငါ့ဘွားတော်ကိုပြောထားမယ် .. ဟုတ်ပြီလား“
“အောင်မာ ဘာဆိုင်လို့လဲ ငါ့ကောင်မလေးနဲ့“
“ . .. . .. . “
“ဟ ဘာနံ့ကြီးလဲဟ“
“အမ်… ဘာပါလိမ့်“
ဖြစ်ပုံကဒီလိုပါ .. ကျွန်တော်တို့ခုံတန်းက ရှေ့ဆုံးတန်းမှာဆိုတော့ ရထားတွဲ ရဲ့ သန့်စင်ခန်း နဲ့ ကပ်ရပ်ဖြစ်နေတာကြောင့် အနံ့အသက်မကောင်းတာတွေ ရှူမိလိုက်ရတာဗျ။ သေချင်စော်ကိုနံ့သွားတာပဲ.. မအန်မိအောင် မနည်းကြိုးစားထားရတာ။ “ငါးခူ ဒီက ရထားတွေကလဲ ကိုရီးယားကားထဲကလို မသန့်ရှင်းပါလားကွ“
“ဟေ့ကောင် ခုမှ အူကြောင်ကြောင်လာလုပ်မနေနဲ့ မင်းပဲရှေ့ဆုံးတန်းရအောင် လက်မှတ်ရောင်းတဲ့သူကို မုန့်ဖိုးပေးခဲ့သေးတယ်ဆို“
“အေးလေ.. ဟို ကိုရီးယားကားထဲက..“
“တော်ပါပြီ ဆရာသမားရယ် .. ကိုရီးယားကနေ မဆင်းတော့ဘူး“
“နေအုံးကွ .. ဒို့ခုံအောက်မှာလဲ ထင်းတွေနဲ့အပြည့်ပဲ ပိုင်ရှင်ရှာပြီးပြန်ယူခိုင်းရအောင်.. သူပြန်မယူဘူးဆိုရင်လဲ နေရာချင်းလဲရအောင်ပြောရမယ်.. ဒါမှ ဒီအနံ့နဲ့ဝေးမှာ“ ဒီကောင်က အဲဒီလို ဥာဏ်နီဥာဏ်နက်တော့များသည်။ သူ့ကိုနည်းနည်းမြှောက်ပေးလိုက်ရင် အကုန်ခိုင်းလို့ရသည်။ “အေး.. ဒါဆိုလဲရှာလေ .. မင်းကလည်လည်ဝယ်ဝယ်ရှိတယ်“
“အင်း .. ငါ ရှာကြည့်လိုက်ဦးမယ် .. ဘယ်သူများဖြစ်နိုင်မလဲ“
“ဟေ့ကောင်ရေ .. တစ်တွဲလုံးစစ်သားတွေကြီးပဲဟ .. ဘယ်လိုလုပ်မလဲ“
“ဟိုနားက ဗိုလ်ကြီးကိုမေးကြည့်လိုက်အုံးမယ်ကွာ“ ပြောပြောဆိုဆိုနှင့် မင်းဆွေက ထိုဗိုလ်ကြီးကိုသွားမေးလေသည်။
“ဦး … “
“ဟေ … “
“ဟိုခုံအောက်က သစ်ပုံကဘယ်သူ့ဟာတွေလဲဆိုတာ ဦးသိလား.. ကျွန်တော်တို့ ညဘက်အိပ်ဖို့ခက်နေလို့ ဦးသိရင်ကူညီပါဗျာ“
“သြော် .. အဲဒါ ဦးတို့တပ်အတွက် ထင်းတွေပါ.. သားတို့အိပ်ဖို့အဆင်မပြေရင် ဦး နေရာလဲဖို့စီစဉ်ပေးပါ့မယ်..“ ဆိုပြီး ရဲဘော်နှစ်ယောက်ကို ကျွန်တော်တို့နဲ့ခုံချင်းလဲထိုင်ခိုင်းလိုက်ပါတယ်။ ဒီလိုဆိုတော့လဲ မင်းဆွေက အလာကြီးပါလားဟု စိတ်ထဲမှာပဲပြောလိုက်မိသည်။ ဒီကောင့်ကိုတော့ ထုတ်မပြောရဲ တော်ကြာလေထဲမြောက်သွားလို့ပြန်မဆင်းနိုင်ဖြစ်သွားအုံးမည်။ နေရာပြောင်းလိုက်ရ၍ ကံကောင်းသည်ဟုထင်လိုက်သော်လဲ တက်တက်စင်အောင်မှားမှန်းနောက်မှသိလိုက်ရသည်။ ရန်ကုန်ကထွက်လာတာကြာပြီဖြစ်သော်ငြား မင်းဆွေ ပြောသည့် ရထားပေါ်တက်ရောင်းသော မုန့်သည်တစ်ယောက်မှမတွေ့ရသေး။
“မင်းဆွေ.. မင်းမုန့်သည်ကတစ်ယောက်မှမလာပါလာကွ“
“အေးနော် .. ဘာလို့လဲမသိဘူး“
ဘာဖြစ်ရမလဲ .. သေချာလေ့လာလိုက်တော့မှ တစ်တွဲလုံးက စစ်သားတွေမှာ ထမင်း၊ ဟင်း အပြည့်အစူံ ပါလာတာတွေ့တော့မှ သဘောပေါက်လိုက်သည်။ ဘယ်ဈေးသည်က ဒီလိုတွဲပေါ် လေကုန်ခံတက်ရောင်းမှာလဲ။ သွားပြီ … အကြီးကြီးကို မှားပြီ …. ဗိုက်ထဲမှာကလဲ တော်လှန်ရေးကစနေပြီ။ မတတ်နိုင်ဘူး .. နှစ်ယောက်သား ဗိုက်ဆာနေတာလေး မေ့နေအောင် လေတ၀ရှူပြီး စကားတွေပဲ ဖိပြောနေတော့သည်။ ဟိုလူ့အကြောင်းရောက်လိုက် ၊ ဟိုစီးပွားရေး ရောက်သွားလိုက်နဲ့ ဘယ်လောက်တောင်ကြာသွားလဲမသိ။ နှစ်ယောက်သားမျက်နှာမှာ တံတွေးစက်တွေကိုပြည့်လို့။ အညာသားတွေ စကားနည်းတာပြောပါတယ်။ အညာသားတွေ ကြိုးစားလိုက်တာကလဲ လွန်ရော။ အခုကြည့်ပါလား .. သင်တန်းတက်မယ့်လခတွေကိုသုံးပြီး ခရီးထွက်ကြတယ်လေ။ နှစ်ယောက်သား စကားကောင်းနေတုန်း နောက်ဘက်ကနေ “ဘုန်း“ ဆိုတဲ့ အသံကြားတော့ စပ်စုမိကြသည်။ ကိုရွှေ ရဲဘော်တစ်ယောက်က ပါလာတဲ့သူ့မိန်းမကို မူးပြီးရစ်နေတာတွေ့ရသည်။ “ရှင့်ကို ပြောပြီးသားပဲ.. ထမင်းချက်ချိန်မရလို့ ထမင်းကြမ်းပဲ ယူလာတာပါဆို“
“နည်းနည်းလေးနဲ့ဘယ်လိုဝ မှာတုံး.. မင်းကွာ . ကိုယ့်ယောကျာ်း ဘယ်လောက်စားနိုင်တယ်ဆိုတာမသိတာလား“
“သိပါတယ် ငပေါကြီးရဲ့ .. စစ်သားဖြစ်နေတာတောင် ဒီလိုဖက်တီးကြီးဖြစ်နေတာကိုကြည့်ပါလား“ ဖြစ်နိုင်ပါတယ် .. ဒီလူ ဒီလောက်ဝနေတာ။ကိုယ့်ဘာသာ စဉ်းစားနေတုန်း မင်းဆွေရဲ့အသံကျယ်ကျယ်ကိုကြားရတော့တာပဲ။
“ဟာ.. ဟေ့လူ ဒီလိုလုပ်လို့မရဘူးလေဗျာ“
ကြည့်လိုက်တော့ .. လား လား .. စစ်သားတစ်ယောက် မူးမူးနဲ့ ကျွန်တော်တို့ ခုံတန်းပေါ်က အိတ်တွေထားတဲ့ စင်မှာ ပုခက် အိပ်စင်လုပ်ဖို့ကြိုးချည်နေတာနေတာတွေ့ရသည်။ ကျွန်တော်လဲ ထူပူသွားပြီး “ဟာ .. ဦးလေး အဲဒီလိုတော့မလုပ်သင့်ပါဘူး .. မတော်လို့ ဦးလေးပြုတ်ကျရင် ကျွန်တော်တို့နှစ်ယောက် ဘ၀ပျက်ပြီပေါ့“ လို့ပြောပြီးကမန်းကတန်းတားလိုက်သည်။
“ဟေ့ကောင် ဘာလို့ကျရမှာလဲ ဒီပုခက်ကို နယ်နယ်ရရ အောင်းမေ့နေလား .. တိုက်ပွဲတိုင်းမှာ ရွပ်ရွပ်ချွံချွံ တိုက်နိုင်ခဲ့တာ ဒီကောင့်ကြောင့်ကွ.. ဂေ့“
“ဟာ .. ပုခက်ကိုတော့ယုံတယ်ဗျာ .. မယုံတာကလူ.. ဒီလောက်မူးနေတာကို ဘယ်လိုအပေါ်မှာအိပ်မှာလဲဗျ“
မင်းဆွေ ၀င်ပြောလိုက်ခြင်းဖြစ်ပါသည်။ ဒီကောင်က အဲဒီလိုနေရာတွေမှာ အာသွက်လျှာသွက် ပြောနိုင်သည်။ အပြောခံလိုက်ရ၍ ထိုစစ်သားမှာ ရှူးရှူးရှားရှား ဖြစ်သွားပြီး
“မင်းက ငါမူးနေတယ်ဆိုပြီးအထင်သေးတာလား“
“ဟုတ်တယ်ဗျာ.. မူးရင်းမတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ဘူး“
“ကောင်လေး .. ငါ တပ်ကြပ်ဖြစ်နေတာ တိုက်ပွဲတိုင်းမှာ မူးနေတာတောင် ရန်သူကို မှန်အောင်ပစ်နိုင်လို့ကွ“
“သေနတ် ပစ်ပြစရာမလိုပါဘူးဗျာ .. ဒီခုံတန်းထိပ်ပေါ်မတ်တပ်ရပ်ပြီး တစ်ခုံပြီးတစ်ခုံ ကူးနိုင်ရင် တော်ပါပြီ“
မင်းဆွေ သက်သက်ညစ်ပြီ။ မူးနေတဲ့သူမပြောနဲ့ လူကောင်းတောင် ကူးဖို့မလွယ်ဘူးဆိုတာ သူကော ကျွန်တော်ပါသိသည်။
“ကောင်လေး.. စိန်ခေါ်တာလား .. ငါကူးနိုင်ရင် ဘာပေးမလဲ“
“ဒီခုံတန်း ၅ ခုံ ကူးနိုင်ရင် ဟောဒီမှာတွေ့လား“ မင်းဆွေက သူ့လက်ကနာရီကိုထိုးပြပြီး
“၀ယ်ထားတာမကြာသေးဘူး .. ကူးနိုင်ရင် ဦးယူလိုက်တော့“
တပ်ကြပ် ဦးလေးကြီးက မူးတဲ့အရှိန်နဲ့မိုက်လေပြီ။
“ကြာတယ်ကွာ အခုစပြီ“ ဆိုပြီး ပြောပြောဆိုဆို ခုံပေါ်တက်မတ်တပ်ရပ်လေပြီ။ တစ်ခုံ စကူးပြီ၊ စစ်သားမို့လားမသိ အေးအေးဆေးဆေးကိုယ်ကိုထိန်းနိုင်တယ်။
“ကဲ နောက်တစ်ခုံ“
“အုံး“
“ဟ .. သွားပဟ“
“ဘာတွေလဲ“
“သေပြီ .. သေပြီ“
အသံတွေပေါင်းစုံသွားပြီး အိပ်နေသော ဗိုလ်ကြီး နိုးလားကာရဲဘော်တွေကို ထဆဲတောတာပေါ့။
တပ်ကြပ် ဦးလေးကြီးကိုလဲ “ခင်ဗျား မူးနေရင်ကောင်းကောင်းနေပါ။ အချုပ်ထဲဝင်ချင်လို့လား“ ဟုကြိမ်းလေပြီ။
“ဗိုလ်ကြီး ကျွန်တော်မဟုတ်ဘူး ၊ ဒီကောင်လေးတွေက .. “
“သြော်.. ဦးလေးတို့ အိုက်တယ်ဆိုရင်လဲပြောတာမဟုတ်ဘူး … ကျွန်တော်ပြတင်းပေါက်ဖွင့်ပေးမှာပေါ့“ ဟု မင်းဆွေက ခပ်တည်တည်နဲ့ ၀င်ပြောလိုက်တယ်။
ကျွန်တော်လဲမနေသာတော့ပဲ “ဖွင့်ပေးလိုက်လေကွာ“ ဆိုပြီး ၀င်ရွှီးပေးရတော့တာပေါ့။
“အာ…. မင်းတို့ဘာတွေလျှောက်“
“တော်ပြီ အိပ်တော့“တပ်ကြပ် ဦးလေးကြီးစကားတောင်မဆုံးလိုက်၊ ဗိုလ်ကြီးမှ ၀င်ဟောက်လိုက်သဖြင့်ငြိမ်သွားလေပြီ။ဒါတောင် ဗိုလ်ကြီးအလစ် မှာ ကျွန်တော်တို့ကို လက်သီးထောင်ပြလိုက်သေးတယ်။ ကျွန်တော်တို့ကလဲ ကိုယ်မဟုတ်သလို ဟိုကြည့်ဒီကြည့်လုပ်ပြီး အရူးကွက်နင်းလိုက်တာပေါ့ ဘာရမလဲ။
ညတောင် အတော်စုန်းစုန်းချုပ်နေပြီ ခုထိအိပ်လို့မရသေး။ ပထမဆုံး ရထားစီးဖူးတဲ့အတွေ့အကြုံကို ကျွန်တော် တော်တော်စိတ်ပျက်မိသည်။ နားထဲမှာ ဆူညံပွက်လောရိုက်နေပြီး ဘယ်လိုမှအိပ်မရတော့။ သေချာတာက မနက်ဖြန် ရေဆင်းဘူတာမှာ ပန်ဒါ တစ်ကောင်ရောက်တော့မယ်ဆိုတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်သည်းခံရမှာပေါ့။ သူလေးနဲ့တွေ့ဖို့ဆိုရင် ဘာမဆိုရင်ဆိုင်နိုင်ပါတယ်။ မကြာခင်တွေ့ရတော့မယ့်သူလေးရဲ့အကြောင်းတွေ စဉ်းစားရင်းနဲ့ အတွေးကမ္ဘာမှာကျွန်တော် နစ်မျောသွားလေရဲ့။

အပိုင်း(၃) ဆက်ရန် . . . .

No comments:

Post a Comment