Saturday 22 November 2008

အနောက်တိုင်း နှင့် အစွဲအလမ်း

ကဲ ဒီနေ့တော့ ပေါက်ပေါက်ရှာရှာတွေလုပ်တက်တဲ့ အနောက်နိုင်ငံကလူတွေရဲ့ ရူးကြောင်ကြောင် အစွဲအလမ်းလေးတွေကို မသိသေးတဲ့သူတွေဗဟုသုတရဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။ သူတို့ရဲ့အစွဲအလမ်းထားတက်တာတွေကအများကြီးဖြစ်နေလို့ ကျွန်တော်တို့အရှေ့တိုင်းသားတွေ မဖြစ်ကြတဲ့အစွဲအလမ်းတစ်ချို့ပဲဖေါ်ပြပေးလိုက်ပါတယ်။

ဖိနပ်အစွဲအလမ်း

ဖိနပ်ကို စားပွဲပေါ်တွင်ထားရှိမိပါလျှင် ကုသိုလ်ကံမကောင်းဟူ၍ ယူဆကြသည်။ သို့မဟုတ် ခိုက်ရန်ဖြစ်ပွားသည့် သတင်းသော်လည်းကောင်း၊ မကောင်းသည့် သတင်းအမျိုးအစားတစ်မျိုးမျိုး ကြားသိရလိမ့်မည်ဟုဆိုသည်။
အမျိုးသမီး တစ်ဦး သည် ဖိနပ်ကိုစားပွဲပေါ်တွင် တင်ထားခဲ့မိလျှင် ယင်းအမျိုးသမီး သို့မဟုတ် ယင်းအမျိုးသမီး၏ မိသားစုမှ အမျိုးသမီးတစ်ဦးဦးသည် တစ်နှစ်တာကာလအတွင်းတွင် ကိုယ်ဝန်ဆောင်ရလိမ့်မည်ဟူသောအစွဲအလမ်းများရှိသည်။ (အမျိုးသမီးတွေ သတိထားကြပါနော့်)
ဘယ်ဘက်ခြေတွင်စီးရမည့် ဖိနပ်ကို ညာဘက်ခြေတွင်မတော်တဆစီးခဲ့မိပါလျှင်၊ သို့မဟုတ် ဖိနပ်စီးရာတွင် ဘယ်ဘက်ဖိနပ်ကို ဦးစွာစီးပါလျှင် ကံမကောင်းတက်ကြောင်း၊ ညအချိန်တွင် ဖိနပ်ကို ကြမ်းပြင်ပေါ်တွင် တစ်ဖက်နှင့်တစ်ဖက် ကြက်ခြေခတ်ပုံထားခဲ့မိလျှင်လည်း ကံမကောင်းတက်ကြောင်း၊ အယူအဆရှိသည်။ညအချိန်တွင်ချွတ်ထားသောဖိနပ်ကို အင်္ဂလိပ်အက္ခရာ ( T ) ပုံသဏ္ဌန်နှင့်အညီ ထားရှိရမည်ဟုဆိုသည်။
ဟတ်ဖို့ဒ်ရှိုင်းယားပြည်နယ်တွင် ဖိနပ်နှင့်စပ်လျဉ်းသည့်အစွဲအလမ်းတစ်ရပ်မှာ ခရီးတစ်ခုသို့မထွက်ခွာမှီဖိနပ်အဟောင်းတစ်စုံကိုမီးရှို့ခြင်းဖြင့် ခရီးတွင်ကံကောင်းခြင်းများ ရမည်ဟုဆိုကြသည်။
လက်ထက်ပြီးစ ဇနီးမောင်နှံသည် ကံကောင်းစေလိုပါက ယင်းတို့နှစ်ဦး၏ ဖိနပ်အဟောင်းများကို စွန့်ပစ်လိုက်ပါဟူဆို၏။(ဖိနပ်အဟောင်းကဈေးကြီးတာကြီးဆိုရင်နှမြောစရာကြီးနှော့ . .)


ပေါင်မုန့်အစွဲအလမ်း


(နာမည်ကြီးကိုကတစ်မျိုးကြီးနော်…. ဒါပေမယ့်တစ်ကယ်ရှိတာပါ) အနောက်နိုင်ငံများတွင်နေ့စဉ်စားသုံးသော အစားများ၌ ပေါင်မုန့်သည် အဓီကဖြစ်သလို ပေါင်မုန့်နှင့်စပ်လျဉ်းသည့် အယူသီးမှု အစွဲအလမ်းတစ်ချို့လည်းရှိပါသည်။
စကော့တလန်နိုင်ငံတွင် အမျိုးသမီးများသည် ပေါင်မုန့်ဖုတ်နေစဉ် သီချင်းမဆိုရပေ၊ ဆိုခဲ့သော် ကံမကောင်းအကြောင်းမလှဖြစ်တတ်သည်ဟုဆိုသည်။(မီးကျွမ်းသွားမှာစို့လို့ထင်ပါ၏. . ဟိဟိ) ပေါင်မုန့်ဖုတ်သည့်အခါ အမျိုးသမီးတစ်ဦးတည်းကသာ ဆောင်ရွက်ရသည်။အခြားအမျိုးသမီးတစ်ဦးက ကူညီဆောင်ရွက်ပေးခြင်းမပြုရ။ ကူညီမိပါက ရန်ဖြစ်ကြမည်၊ ရန်သူဖြစ်ကြမည်ဟုဆို၏။(ပေါင်မုန့်လုကြလို့များလားကွယ် . .)
ဟီရီဖို့ရှိုင်းယား ပြည်နယ်၏အစွဲအလမ်းမှာ ပေါင်မုန့်ဖုတ်ရန် လိုအပ်သောအရောအစပ်များကိုနယ်ဖပ်နေသည့် လက်ဖြင့်ကလေးတစ်ယောက်၏မျက်နှာကို ပွတ်သုတ်လိမ်းကာမကျီစယ်ရချေ။ ပြုမိပါက ထိုကလေးငယ်သည်မည်သည့်အခါမှ နှုတ်ခမ်းမွေးပေါက်လာလိမ့်မည်မဟုတ်ပေ။(မိန်းကလေးဖြစ်နေလို့များလား. . .)


အားလူးအစွဲအလမ်း


အိမ်ရှင်မများအတွက်အာလူးသည် အတော်အရေးပါသည့်အမျိုးအစားတစ်ခုဖြစ်၏။ ဟင်းချက်ရာတွင် အာလူးကိုအခွံနွာသည့်အခါဂရုပြုရမည့်အချက်များလည်းရှိသည်။ အခွံနွာရာတွင် အစိတ်စိတ်ပိုင်းပြတ်ထွက်နေသော် နေ့စဉ်အိမ်တွင်းရေးကိစ္စအထစ်အငေါ့များရှိတတ်၏။ အခွံနွာရာတွင် မြွေတစ်ကောင်ကဲ့သို့ရှည်လျားစွာဖြစ်နေပါက ထိုအမျိုးသမီးသည် အခြားအမျိုးသားတစ်ဦး၏ မြှုဆွယ်ဖြားယောင်းခြင်းများရှိနိုင်သည်ဟုဆိုသည်။
အခွံသည် စက်ဝိုင်းသကဲ့သို့ညီညာဝိုင်းစက်ကာဖြစ်နေပါလျှင် မိသားစုအတွင်းတွင် အခက်အခဲများ သို့မဟုတ် စိတ်အနှောင့်အယှက်များဖြစ်စရာရှိသည်ဟုဆိုသည်။

အထက်ပါအစွဲအလမ်းများသည် အနောက်နိုင်ငံများ၏ဘိုးဘေးအစဉ်အဆက်ယုံကြည်လာကြသည်မှာယနေ့တိုင်ပင်ဖြစ်သည်။

ဆက်ကြည့်ရန်...

Thursday 20 November 2008

ဘလောခ့်ကာ နှင့် အငြင်းအခုံ

တစ်နေ့တစ်နေ့ ကမ္ဘာပေါ်မှာ ဘလောခ့် အရေအတွက်တွေ ရာနဲ့ထောင်နဲ့ချီပြီး ပေါ်လာပါတယ်။ စစ်တမ်းတစ်ခုရဲ့အဆိုအရ တရုတ်ပြည်တစ်ခုတည်းမှာတင် ဘလောခ့်ပေါင်း သန်း ၁၀၀ ကျော်(ပိုနိုင်သေး)နေပြီလို့သိရပါတယ်။ တစ်နေ့တစ်နေ့ ဘလောခ့်တွေများလာတာနဲ့အမျှ ဘလောခ့်ပတ်ဝန်းကျင်ကလူတွေမှာငြင်းစရာခုန်စရာတွေပေါများလာပါတယ်။ အဲဒီအထဲမှာ မြန်မာဘလောခ့်ကာတွေသာမက အခြားနိုင်ငံမှဘလောခ့်ကာတွေပါ ငြင်းခုံနေရတဲ့အကြောင်းအရာ က တစ်ခြားမဟုတ်ပါဘူး။ ဘလောခ့်ကာ ဆိုတဲ့လူတစ်ယောက်မှာ ဘာအရည်အချင်းတွေရှိရမလဲ ၊ မရှိရင်ကော ဘလောခ့်ကာမဖြစ်ဘူးလို့သတ်မှတ်မလားဆိုတဲ့ အချေအတင်ငြင်းခုံနေကြခြင်းတွေပါ။ ဒီတော့ ကျွန်တော့် အမြင်လေးမပြောခင် ဘလောခ့်ကာဆိုတဲ့နေရာတစ်ခုအပေါ်အကြမ်းအားဖြင့် ပြောနေကြတဲ့အချက်လေးတွေကိုကြည့်လိုက်ကြရအောင်။

၁။ ဘလောခ့်ကာတစ်ယောက်ဆိုတာဘာလဲ။
၂။ ဘလောခ့်ကာဖြစ်ဖို့ဘာအရည်အချင်းလိုလဲ။
၃။ ဘလောခ့်ကာရဲ့ကျင့်ဝတ်။
၎။ ဘလောခ့်ကာလူတန်းစားတစ်ရပ်။
၅။ ဘလောခ့်ကာနဲ့စီးပွားရေး။


ငြင်းခုံနေကြတဲ့အကြောင်းအရာတွေကတော့အများကြီးပါ။ အဲဒီ အထဲမှာမှအရေးကြီးတယ်လို့ထင်ရတဲ့ အပိုင်းလေးတွေကိုဆွေးနွေးသွားမှာပါ။ ကဲစလိုက်ကြရအောင် . . . . . .

၁။ ဘလောခ့်ကာဆိုတာလူတစ်ယောက်ပါပဲ။လူထဲမှာမှ ကိုယ့်ရဲ့ခံစားချက်တွေကို အများကိုဝေမျှဖို့အင်တာနက်စာမျက်နှာပေါ်မှာစာရေးနေကြတဲ့ အပျော်တမ်းစာရေးဆရာတွေပါ။ ကျွန်တော်ကတော့ ဘလောခ့်ကာတွေကို virtual journalist တွေလို့ခေါ်ချင်ပါတယ်။ အပြင်မှာ တစ်ကယ်စာရွက်နဲ့ရေးနေကြတဲ့စာရေးဆရာတွေလို တော်တဲ့ဘလောခ့်ကာတွေလဲရှိသလို၊ ကိုယ်ခံစားနေရတာတွေကို အများနဲ့ဝေမျှခံစားချင်တဲ့စိတ်သက်သက်ကြောင့် ရေးတတ်သလိုရေးတင်ပြနေကြတဲ့သူတွေလဲရှိပါတယ်။ သူတို့က ဘယ်လို့ပဲရေးနေကြပါစေ သူတို့ကို အနုပညာရှင်တွေလို့ခေါ်နိုင်တယ်လို့ထင်ပါတယ်။ အကြောင်းကြောင်းကြောင့် ဘလောခ့်ဆက်မရေးနိုင်သူတွေကိုလဲ စာရေးဆရာဟောင်းတွေလိုပဲ ဘလောခ့်ကာဟောင်းတွေလို့ခေါ်နိုင်ပါတယ်။တစ်ချို့သောဘလောခ့်ကာတွေက စာရေးရာမှာအရမ်းနည်းပါတယ်။ သူတို့တွေက ကိုယ့်ရဲ့ဘလောခ့်လေးလှအောင်လုပ်ဖို့၊ လူကြည့်များအောင်လုပ်ဖို့ကိုပိုကြိုက်ကြပါတယ်။ဘယ်လိုပဲဖြစ်နေပါစေ သူတို့တွေကိုလဲ ဘလောခ့်ကာလို့သတ်မှတ်နိုင်ပါတယ်။ ဆရာဝန်တွေတောင်ဆေးမကုပဲ ဆေးလက်မှတ်ဘွဲ့ရှိနေတဲ့အတွက် ဆရာဝန်လို့ခေါ်နိုင်သလိုပဲပေါ့။ တစ်ကယ်ဆေးကုချင်တဲ့ လူနာကတော့ တစ်ကယ်ကုတဲ့သူကိုရှာကု မှာဖြစ်သလို တစ်ကယ်စာဖတ်ချင်တဲ့သူကလဲ တစ်ကယ်ရေးတဲ့ဘလောခ့်ကာဆီကိုပဲသွားကြပေါ့။ဒီလောက်ပဲကွာမယ်လို့ထင်ပါတယ်။

၂။ ဘလောခ့်ကတစ်ယောက်ရဲ့အရည်အချင်းဆိုတဲ့နေရာမှာနှစ်ပိုင်းရှိပါတယ်။ စာအရေးအသားနဲ့ပတ်သတ်ပြီးပြောရရင် ဘလောခ့်ကာတွေက အထက်မှာပြောခဲ့သလိုပဲ journalist တွေလို့သတ်မှတ်လို့ရတာကြောင့် journalist တွေလိုပဲ စာရေးရာမှာ အကြောင်းအရာအမျိုးအစားပေါင်းစုံရေးလို့ရပါတယ်။ ဒါပေမယ့် မြန်မာဘလောခ့်ကာတွေကတော့ ဘလောခ့်ကို ဒိုင်ယာရီရေးသလို တစ်နေ့ဖြစ်ပျက်ခဲ့တာတွေ ပြန်ချရေးပြနေကြပါတယ်။ တစ်ခြားနိုင်ငံသားတွေရဲ့ဘလောခ့်တွေမှာတော့ ကျွန်တော်အခုအထိ မမြင်ဖူးသေးပါ။ ကိုယ့်အကြောင်းကိုယ်မရေးရတဲ့ သတ်မှတ်ချက်ရှိလို့လားလို့မေးရင်တော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာက စာဖတ်သူကို တစ်ခုခုရသွားစေဖို့လိုမယ်လို့ထင်လို့ပါ။ ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုရင်လဲ ပညာတစ်ခုခုရနိုင်တဲ့အကြောင်းလေးတွေသာ ရေးသင့်တယ်လို့ထင်ပါတယ်။ မိမိရဲ့အချိန်ကိုသာမက စာဖတ်သူရဲ့အချိန်ကိုပါ ငဲ့ညာသောအားဖြင့် အကျိုးရှိတဲ့စာတွေကိုသာရေးသားသင့်ပါတယ်။ဒုတိယပိုင်းအနေနဲ့တော့ Blog and its Functions ပါ။ အပြင်ကစာရေးဆရာတွေနဲ့တော့ ဒီနေရာမှာနည်းနည်းကွားသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ အပြင်ကစာရေးဆရာတွေမှာ အသုံးပြုစရာဆိုလို့ အတွေးအခေါ်နဲ့စာရေးဖို့ ခဲတံ ၊ ဒါမှမဟုတ် ဖောင်တိန်ရှိရင်ရေးလိုရရပါပြီ။ ကျန်တဲ့အပိုင်းတွေကတော့ မဂ္ဂဇင်းတိုက်နဲ့ဂျာနယ်တိုက်တွေကဆက်လုပ်သွားမှာကြောင့်ပါ။ ဘလောခ့်မှာတော့ အဲဒီလိုမရပါဘူး။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင်ထုတ်လုပ်ရမှာပါ။ ဒါကြောင့် ဘလောခ့်ကာတွေအားလုံးဟာ ဘလောခ့်တစ်ခုမှာ အသုံးချနိုင်တဲ့ အခြေခံ လုပ်ဆောင်ချက်တွေကိုသိထားရမှာပါ။ ဆရာဝန်တွေမှာ ပညာဘယ်လောက်တော်တော် ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေကို ကောင်းကောင်းအသုံးမချတတ်ရင် မဖြစ်ပါဘူး။ ဒီလိုပဲ ဘလောခ့်ကာတွေကလဲ ကိုယ်ပိုင်ဘလောခ့်ဆောက်ရာမှာလိုအပ်တဲ့ လုပ်ဆောင်ချက်တွေမသိရင်မဖြစ်ပါဘူး။ ဆေးရုံက ဘယ်လောက်ကောင်းတယ်၊ စက်ကိရိယာတွေ ဘယ်လိုစုံတယ်အပေါ်မူတည်ပြီးတော့ လူနာအရောက်အပေါက်ကွာသလို ဘလောခ့်က ဘယ်လောက် ကြည့်ရတာအဆင်ပြေတယ်၊ ဘယ်လိုလုပ်ဆောင်ချက်တွေကြောင့်ဖတ်ရတာ ပိုအဆင်ပြေတယ်ဆိုတဲ့ ကွာခြားချက်ကြောင့် စာဖတ်သူဦးရေ ကွာခြားနိုင်ပါတယ်။

၃။ ဘလောခ့်ကာတစ်ယောက်ရဲ့ကျင့်ဝတ်ဆိုတဲ့နေရာမှာ အရင်ဦးဆုံး လူကျင့်ဝတ်နဲ့အညီရှိရပါမယ်။ ဘာလို့လဲဆိုတော့ သူဟာလူတစ်ယောက်အဖြစ်ရှိနေသေးလို့ပါ။ တစ်ခြား ကျင့်ဝတ်တွေအနေနဲ့ကတော့ Copyright ပါပဲ။ ကိုယ်ကတစ်ခြားသူဆီကရလာတဲ့ကိစ္စလေးတွေပြန်ပြောရင် မူရင်းရလာတဲ့နေရာ၊ ဒါမှမဟုတ် မူရင်း ပိုင်ရှင်အမည် တွေကိုသိရင်သိသလိုပူးတွဲဖော်ပြပေးရမှာဖြစ်ပါတယ်။ ဘာတစ်ခုမှမသိနိုင်ဘူးဆိုရင်တောင် ကိုယ်တိုင်ရေးတာမဟုတ်ကြောင်းဖော်ပြရပါမယ်။ တစ်ချို့တွေက ဘလောခ့်ကာတွေ တစ်ခြားဘလောခ့်ရဲ့ CBox (စကားပြောရန်ထားသောနေရာ) တွေမှာအလည်လာကြောင်းပြောပြီး ပြန်အလည်လာရန်ဖိတ်ခေါ်ခြင်းဟာ မကောင်းသောအကျင့်လို့သတ်မှတ်ကြပါတယ်။ အဲဒီလို အလည်လာရန်ဖိတ်ခေါ်ခြင်းဟာတစ်ကယ်တော့မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ကိုယ်ရေးထားတဲ့စာတွေလာဖတ်မဲ့သူမရှိရင်ရေးရတာအလကားသက်သက်ဖြစ်ကုန်ကြမှာပေါ့။ အားလုံးသိတဲ့အတိုင်းပဲ Blog ဆိုတာက search engine တွေမှာဖော်ပြတယ်ဆိုတာ ခပ်ရှားရှားလေ။ ဒါကြောင့် ဘလောခ့်ကာတွေက အခြားသူများရဲ့ဘလောခ့်မှာ ကိုယ့်ဆီလာလည်ရန်ဖိတ်ခေါ်ခြင်းဟာပြုသင့်တဲ့အရာပါ။ ဘလောခ့် စရေးတဲ့သူတွေ အဖို့လဲ အခြားသူတွေကိုယ့်ဘလောခ့်လာလည်တဲ့အခါ အားတက်ရပါတယ်။ အချင်းချင်းအားပေးမှုလဲလိုအပ်ပါတယ်။

၎။ ဘလောခ့်ကာလူတန်းစားတစ်ရပ်ဆိုတဲ့အချက်နဲ့ပတ်သတ်ပြီး ပြောရရင် ဘလောခ့်ကာဆိုတဲ့အသိုင်းအ၀ိုင်းလေးတစ်ခုရှိသင့်ပါတယ်။ စာရေးလို့စာရေးဆရာလို့ခေါ်ရင် ဘလောခ့်ရေးတဲ့သူကိုလဲ ဘလောခ့်ကာလို့ခေါ်ကြရမှာပါ။ ဒါပေမယ့် ဆင်းရဲ၊ချမ်းသာ ခွဲခြားထားတဲ့ လူတန်းစားခွဲခြားနည်းကိုပြောတာမဟုတ်ပါဘူး။ ပညာရပ် တွေပေါမူတည်ပြီး ခွဲခြားထားတဲ့ လူတန်းစားမျိုးကိုဆိုလိုပါတယ်။

၅။ လူတိုင်းက စားဝတ်နေရေးအတွက် စီပွားရေးကိုလုပ်ကြရပါတယ်။ ဘလောခ့်ကာတွေဟာလဲ ဘလောခ့်နဲ့ပါတ်သတ်ပြီး စီးပွားရေးလုပ်ချင်ရင် လုပ်လို့ရပါတယ်။ဘလောခ့်စီးပွားရေးလုပ်လို့ မကောင်းတဲ့ဘလောခ့်ကာလို့ခေါ်လို့မရပါဘူး။ ဘလောခ့်ကာတစ်ယောက်ဟာ Copyright ဥပဒေနဲ့မငြိစွန်းသရွေ့စီးပွားရေးလုပ်နိုင်ပါတယ်။

အထက်ပါဆွေးနွေးချက်များက ကျွန်တော်တစ်ယောက်ထဲရဲ့အမြင်ကိုတင်ပြထားတာဖြစ်ပြီး မည်သူ့ကိုမှလဲ ထိပါးစော်ကားလိုချင်းအလျဉ်းမရှိပါ။ တိုက်ဆိုင်မှုတွေရှိပါက သဘောထားကြီးစွာ ခွင့်လွတ်ပေးပါရန်အနူးအညွှတ်တောင်းပန်အပ်ပါသည်။ မိမိတင်ပြဆွေးနွေးလိုသည်များကိုလဲ လွတ်လပ်စွာဆွေးနွေးနိုင်ပါသည်။

ဆက်ကြည့်ရန်...

Wednesday 19 November 2008

၇ ရက်သားသားသ္မီးများအတွက်

တနင်္ဂနွေ

အောင်မြင်နေသူများ အပင်ထိပ်ရောက်နေသည့်အလား အမြင့်ဆုံးဖြစ်နေနိုင်သလို
မအောင်မြင်သူများကလည်း အဝီစိအထိဆင်းသွားနိုင်သော လဖြစ်သဖြင့်
စီးပွားရေးလုပ်ငန်းသစ် စလိုသူများ အထူးသတိထားသင့်သည့်လ ဖြစ်သည်။
တနင်္ဂနွေနံ အလုပ်ဖြစ်သည့် "ဦးရှင်ကြီး" တင်ခြင်းသည် ဝါထွက်ကာလ
ဖြစ်သည့်အားလျော်စွာ အကျိုးပေးလတ္တံ။ ပညာရေးအနေဖြင့်
ကိုယ်တိုင်ကြိုးစားခြင်းထက် ကြိုးစားထားသူထံမှ ကူးယူခြင်း၊
မေးခွန်းဝယ်ခြင်းများက ပိုအကျိုးရှိနိုင်သည်။ အချစ်ရေးတွင်
ဆန့်ကျင်ဘက်လိင်ထက် လိင်တူများက သင့်ကို သဘောကျနေတတ်သဖြင့် သတိပြုပါ။
မြေအောက်အိမ်သာသွားခြင်း၊ ဓါတ်လှေခါး တစ်ယောက်တည်းစီးခြင်းများ ရှောင်ပါ။
ကံပွင့်စေမည့် ယတြာမှာ ဥတစ်လုံး (ကြက်၊ဘဲ၊ငုံး) ကို ခေါင်းပေါ်အသာရွက်၍
အုန်းပင်အောက်တွင် ခြေတပေါင်ကျိုးရပ်ရင်း "ဥ တစ်လုံးတည်းရှိသူရယ်ပါ" ဟု
ဖြတ်သွားဖြတ်လာများကို ၁၅ မိနစ်ခန့် နှုတ်ဆက်ပါ။

တနင်္လာ

မကောင်းသတင်းနှင့် သတင်းဆိုးများ စုံတွဲ၍ ကြားရတတ်သည်။ လစာနည်းသော်လည်း
အထက်လူကြီး မကောင်းသည့် ကုမ္ပဏီများတွင် အလုပ်ရတတ်သည်။
ကိုယ်ပိုင်အလုပ်အနေဖြင့် ချဲထိုးခြင်း၊ ဂျင်ကစားခြင်း၊ ကဒ်စွဲခြင်း
စသည့်နေ့တူနံတူများ အားကောင်းနေသည်။ နာမည်မကြီးသေးသူများ နာမည်ကြီးလိုပါက
ခပ်ကြီးကြီးပြင်ရေးနိုင်သည်။ တနင်္လာသားများအတွက် ပညာရေးအထူးအားကောင်းသော
အောက်တိုဘာလဖြစ်သဖြင့် စာပေလေ့လာခြင်း၊ ကျက်မှတ်ခြင်း၊ တွက်ချက်ခြင်းများ
လုံးဝမလုပ်ဘဲ စာမေးပွဲသာသွားဖြေပါလေ။ အောင်ကိုအောင်ရမည်။
မအောင်လျှင်ကျလတ္တံ့။ နှလုံးသားလှသူများ ရုပ်ဆိုးစိတ်ပုပ်သူများနှင့်
အတွဲအဘက်ဖြစ်အံ့။ နှလုံးသားမလှသူများ ကံတူအကျိုးပေးနှင့် အကြောင်းပါအံ့။
ကောင်းသထက်ကောင်းလာစေမည့် ယတြာမှာ - ကြောင်ချီး (လတ်လတ်ဆတ်ဆတ်)ကို
ကြွပ်ကြွပ်အိတ်တွင်ထည့်၍ အိမ်သို့အလည်လာသူတိုင်းကို "ယနေ့ကြွလာ မိတ်သဟာ
ချမ်းသာကိုယ်စိတ် မြဲပါစေ" ဟု ရေရွတ်ပြီး လက်ဆောင်အဖြစ်ပေးပါ။

အင်္ဂါ

စိတ်ရောကိုယ်ပါ ဖလမ်းဖလမ်းထအောင် လန်းဆန်းဖျတ်လတ်နေတတ်သည်။
ရပ်ဝေးရပ်နီးမှ ဆွေမျိုးများတက်လာပြီး တဝတပြဲ စားသောက်သွားသဖြင့်
သင်ကိုယ်တိုင်မှာ ဘုန်ကြီးကျောင်း၊ စတုဒီသာ စသည်တို့နှင့် ရင်းနှီးလတ္တံ့။
လူအနေဖြင့် ကျန်းမာသော်လည်း မိမိစီးသွားသောကား ဂက်စ်အိုးပေါက်ခြင်း၊
မသမာသူ လူတစု ဗုံးခွဲမည့်အနားတွင် ရှူရှူးထိုင်ပေါက်မိခြင်း
စသည့်ကုသိုလ်ကံများကို ထင်ထင်ရှားရှားတွေ့နေရသည်။ ပညာရေးအားနည်းသဖြင့်
စာကျက်ခြင်း၊ စာမေးပွဲဖြေခြင်း၊ သင်တန်းတက်ခြင်းများ လုံးဝမလုပ်ဘဲ
အလေလိုက်နေပါ။ အိမ်ထောင်ရေးတွင် ၂ ဖက်ယောက္ခမများ
ဝင်ရောက်စွက်ဖက်တတ်သဖြင့် ရိုက်နှက်ဆုံးမထားပါ။ ယတြာချေလိုပါက အင်္ဂါနေ့
မွန်းတည့် ၁၂ နာရီတိတိတွင် စိန်ပန်းပင်အောက်သွား၍
(ပါးစပ်နှင့်အပြည့်ရှိသော) စကျင်ကျောက်ခဲတစ်လုံးကို
စိစိညက်ညက်ကြေအောင်ဝါးရင်း စိပ်ပုတီးစိပ်ပါ။

ဗုဒ္ဓဟူး

စိတ်ကူးစိတ်သန်းကောင်းလေးများ ရှိနေတတ်သည်။ အသက်ငယ်ရွယ်သူများက
ကြီးပေါကြီးဟု သဘောထားကာ ဆရာတင်ခြင်း ခံရတတ်သည်။ ယောက်ျားလေးများ
ခန္ဓာကိုယ်ရှိ ဗုဒ္ဓဟူးနံ အင်္ဂါအစိတ်အပိုင်းများ အားနည်းတတ်သည် (ဥပမာ လက်)။
ရုပ်ရှင်ရုံထဲတွင် ရဲဖမ်းခံရခြင်း၊ ရပ်ကွက်လူကြီးသမီးကို
ရစ်သီရစ်သီလုပ်မိခြင်းတို့ကဲ့သို့ "အသွားမတော်တစ်လှမ်း"
များဖြစ်နေတတ်သည်။ ပညာရေးသမားများ လာဒ်ပေးခြင်းသာ အောင်မြင်ရာ၏ ဟု
နှလုံးသွင်းထားပါက ပိုသင့်တော်မည်။ အချစ်ရေးတွင် လက်နှေးခြင်း၊
လက်တုန်ခြင်း၊ လက်ကြောသေခြင်း၊ လေဖြတ်ခြင်းများခံစားရနိုင်သဖြင့်
သတိပြုပါ။ (ဖူးစာဆိုတာ ဦးရာလူလို့မှတ်ပါလေ) ဗုဒ္ဓဟူးသားများအတွက်
ယတြာအနေဖြင့် ရဲစခန်းတစ်ခုသို့သွားကာ ရမန်ကြီးဖြင့် အချုပ်ခံရစေရန်အတွက်
"ရက်စက်မှုတွေကို ရပ်တန်းကရပ်ပါ" ဟု ရေငတ်လာသည်အထိ အော်ပါ။ အချုပ်ခံရလျှင်
အဆိုးများပျောက်ပြီး အညံ့များသာကျန်သည်ဟု မှတ်ပါ။

ကြာသပတေး

ဝါကျွတ်ကာလဖြစ်သည့် အားလျော်စွာ ဖယောင်းတိုင်မီးဖြင့် နေရအံ့။
မိစ္ဆာအယူရှိသူတို့ကြောင့် ဘုန်းတော်ကြီးများပင် ဘုရားတက်ရ ခက်နိုင်သည်။
စီးပွားရေးအနေဖြင့် ပူဖောင်းရောင်းခြင်း၊ ဘုရားတွင် ဖိနပ်စောင့်ခြင်း၊
ဖားရိုက်ခြင်းစသည့် နံတူအလုပ်များ ဖြစ်ထွန်းလတ္တံ့။ ပညာရေးတွင် "ဖွတ်ကျား"
ဟုအမည်တွင်လောက်အောင် ထူးချွန်ကိန်းမြင်သဖြင့် အတန်းပိုင်ဆရာကို
ပုဝါ၊ပါတိတ်၊ပိုက်ဆံတို့ဖြင့် ကန်တော့ထားပါမှ အောင်ရုံလောက်ရှိမည်။
(အမျိုးသ္မိးများ အထူးသတိထားရမည်က) သင့်အတွက် အချစ်သစ်ဖြစ်သော်လည်း
သူ့အတွက် အချစ်ဟောင်းဖြစ်နေမည့် ဖူးစာဖက်များရကြလတ္တံ့။ ဥပမာအားဖြင့်
သင့်အချစ်ဦးသည် မုဆိုးဖိုကြီး၊ လက်ရှိမယားငယ် ၂ ယောက်ရှိပြီးသူ
စသည့်ပုဂ္ဂိုလ်ထူးကြီးများ ဖြစ်နေတတ်သည်။ သို့သော် စိတ်မပူနှင့်။
သင့်ကိုလည်း ရေရှည်ပေါင်းမည်မဟုတ်ချေ။ ယတြာကောင်းကောင်းလိုချင်သူများ
အနေဖြင့် ပန်ကာ ၂ လုံးကို ချိုင်းကြားညှပ်ပြီး အထပ်မြင့်မြင့် (အနဲဆုံး
၁၀ထပ်ရှိ) ပြတင်းပေါက်တစ်ခုမှ "လေယာဉ်ပျံလာပြီ" ဟုအော်ရင်း ၃
ကြိမ်ခုန်ချပါ။

သောကြာ

နိုဝင်ဘာလတွင် ကံအကောင်းဆုံး မွေးနေ့ရှင်များဖြစ်သည်။ အလှူအိမ်မှ ကျန်သော
စားကောင်းသောက်ဖွယ်များ၊ လျော့ဈေးဖြင့်ရောင်းသော နေလောင်ထားသည့်
အဝတ်အစားများရတတ်သည်။ ကံကိုယုံ၍တော့ ချီးပုံ မနင်းမိရန်လိုသည်။ သောင်း၊
သိန်း၊ သန်း စသည့် ပိုက်ဆံနာမည်ပါသူများ သူများတွင်မရှိသည့်
ရောဂါဆန်းများရတတ်သည်။ သို့သော် ခဏသာ ခံစားရမည်ဖြစ်သဖြင့်
စိတ်ပူရန်မလိုပေ။ အဘယ်ကြောင့်ဆိုသော် အချိန်တိုအတွင်း သေမည်ဖြစ်၏။
အိမ်ထောင်ပြုလိုသူများ သူများကလေးကို ကိုယ့်ကလေးအဖြစ်
နာမည်တပ်ခံရတတ်သဖြင့် အသေအချာ စိစစ်ရန်လိုသည်။ ယတြာမှာ ၇ ရက်ဆက်တိုက်
ဒူးရင်းသီးကြီးကြီးတစ်လုံးကို ခေါင်းအုံးအိပ်ရင်း "ဒုက္ခတွေကနေ ဝေးပါစေ"
ဟု ဆန္ဒပြုပါ။





စနေ

မကောင်းသော အကြံအစည်များ အကောင်အထည်ပေါ်ပြီး အကြံကောင်းများ
ပျက်စီးကိန်းရှိသည်။ တောင်စဉ်ရေမရ စကားများကြောင့်
တက်တက်ပြောင်ကိန်းလည်းရှိသည်။ ထင်ရှား ကျော်ကြားသူဖြစ်ချင်သဖြင့်
ကြိုးစားရင်း ထက်ထက်မိုးဦး ထမိန်လျှော်ရကိန်းမျိုးလည်းရှိသဖြင့်
အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေးနေပါ။ ကျန်းမာရေးတွင် ကျော်မကောင်း၊
ကြားမကောင်းဖြစ်တတ်သည်။ ပညာရေးတွင်
ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖွယ်ရှိသဖြင့် စာအုပ်များအနီးတွင်
ဖယောင်းတိုင်ထွန်းခြင်း၊ ချွန်သောခဲတံ၊ ဘောပင်များဖြင့်
စာရေးခြင်းကိုရှောင်ပါ။ အချစ်ရေးတွင် ထိပ်ထိပ်ပြာပြာဖြစ်လောက်အောင်
တွဲချင်သူများပေါမည်။ ထိုသူများအား အတွင်းခံဘောင်းဘီ
ကြပ်ကြပ်မ၀တ်ထားခိုင်းပါလေနှင့်။ အညံ့များဝေးစေရန် ယတြာမှာ
ဒိန်ချဉ်သည်တစ်ယောက်ကို ဒစ္စကိုခေါ်သွားပြီး
ဓါတ်ပြားဟောင်းကြီးသီချင်းဖြင့် Dance ပါ။



မူပိုင် XINY@W13

ဆက်ကြည့်ရန်...

Monday 17 November 2008

နည်းပညာမြို့တော် နှင့် ရှေ့မျှော်လင့်ချက်

ရတနာပုံမြို့သစ်စီမံကိန်းရှိ SOFTBASE FACTORIES များ ဧရိယာ ၃၂၄ ဧကပေါ်တွင် ရင်နှီးမြှုပ်နှံကြမည့် ကုမ္ပဏီများ၏ တည်ဆောက်ရေးလုပ်ငန်းများစတင်....

အထူးစီးပွားရေးဇုန်အဖြစ်အကောင်အထည်ဖော်ဆောင်ရွက်နေသော ရတနာပုံမြို့သစ် စီမံကိန်းရှိ SOFTBASE FACTORIES ဧရိယာ ၃၂၄ ဧကပေါ်တွင် ရင်နှီးမြှုပ်နှံကြမည့် ကုမ္ပဏီများကိုမြေနေရာများချထားလုပ်ကိုင်ခွင့်သတ်မှတ်ထားခဲ့ပြီးကုမ္ပဏီများ၏ တည်ဆောက်ရေးလုက်ငန်းများစတင်လာကြောင်းသိရသည်။
ပြင်ဦးလွင်မြို့နယ် မန္တလေး-ပြင်ဦးလွင် ကားလမ်းအနီးရှိ မြေဧရိယာ ဧက ၁၀၀၀၀ ပေါ်တွင်တည်ဆောက်လျက်ရှိသော


ရတနာပုံမြို့သစ်စီမံကိန်းတွင် ကုမ္ပဏီများ အတွက်မြေဧရိယာ အကျယ်အ၀န်း၊ ဆောက်လုပ်မည့် စက်ရုံပုံစံ နှင့် ထုတ်လုပ်မည့် ပစ္စည်း အမျိုးအစားကို သတ်မှတ်နိုင်ခဲ့ပြီး လုပ်ငန်းများကို စတင်နေပြီဖြစ်ကြောင်းသိရသည်။

သတင်း။ BiWeekly Eleven
……………………………………………………………………………………………………………….
အပေါ်မှာဖော်ပြထားတဲ့သတင်းလေးက BiWeekly Eleven ဂျာနယ်က ကူးယူဖော်ပြလိုက်တာပါ။ အဲဒီလို သတင်းလေးတွေကြားရတာစိတ်ချမ်းသာလိုက်တာ။ ကိုယ့်နိုင်ငံ တိုးတက်ဖို့အခွင့်အလမ်းရှိလာပြီလို့ ထင်လိုက်ရလို့ပါ။ နည်းပညာခေတ်ကြီးထဲမှာ ဒီလို ခေတ်မှီတဲ့ နည်းပညာမြို့တော်တွေ ခေတ်နဲ့အညီ တည်ဆောက်နေတဲ့အတွက် ကြားရ၊မြင်ရတာ အားရ၀မ်းသာစရကောင်းပါတယ်။ ဒါပေမယ့် အခုလိုအရင်းအနှီးများတဲ့ မြို့တော်တွေတည်ဆောက်ပြီး တကယ်အကျိုးရှိအောင် လုပ်နိုင်ပါ့မလားဆိုတဲ့အတွေးတွေရောက်လာတော့ စိုးရိမ်ပူပန်စိတ်လေးကလဲကပ်ပါလာ ရတာလေ။ ကျွန်တော် သိရ၊ မြင်ရ၊ ကြားရ သလောက်တော့ မြန်မာပြည်မှာ လျှပ်စစ်မီးပုံမှန် မပေးနိုင်သေးဘူးဆိုတာပဲ။ အခု မြို့တော်သစ် နေပြည်တော် ကလွဲလို့ ရန်ကုန်လို မြို့ကြီးမှာတောင် မီးပုံမှန်မလာတဲ့ ရက်ကွက်တွေရှိနေပါသေးတယ်။ ဓါတ်အားတွေအများကြီးလိုတဲ့ အခုလည်ပတ်မှုရှိတဲ့ စက်မှုဇုံတွေမှာတောင်မီးမလာပါဘူး။ စက်မှုဇုံမှာ မီးမလာမှတော့ ဘာတွေဘယ်လိုထုတ်ကြရတော့မလဲဗျာ။ အခုကြားနေရတဲ့ ရဲရွာတို့၊ ပေါင်းလောင်းတို့ စတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကလဲ သတ်မှတ်ထားတဲ့ရက်တွေ တဖြည်းဖြည်း နောက်ဆုတ်လာတာများနေပြီလေ။ လုပ်နေဆဲလုပ်ငန်းတွေအကောင်အထည် မဖော်နိုင်သေးပဲ နောက်စီမံကိန်းကြီးတွေထပ်လုပ်နေတာ စိုးရိမ်စရာမကောင်းဘူးလားဗျာ။ အခုတည်ဆောက်မယ်ဆိုတဲ့ နည်းပညာမြို့တော်တွေ ပြီးသွားရင်ကော လျှပ်စစ်မီး ပုံမှန်ပေးနိုင်ပါ့မလား။ တစ်ခြားနိုင်ငံတွေမှာရှိတဲ့ နည်းပညာမြို့တော်တွေက ဘယ်လိုလဲဆို အားလုံးလဲသိပြီးသားမို့ထပ်မပြောချင်တော့ပါဘူး။ ကိုယ့်နိုင်ငံက ကိစ္စကိုပဲ အလေးထားတာ အကောင်းဆုံးလေ။ အခုစီမံကိန်းသာ အကောင်းဆုံးအနေထားနဲ့ ဖြစ်မြောက်လာပါစေလို့မျှော်လင့်နေမိတယ်ဗျာ။

ဆက်ကြည့်ရန်...

Sunday 16 November 2008

အချစ်ဆွဲအား (အပိုင်း ၂)

(အပိုင်း ၁ မှ အဆက်)

ဒီလိုနဲ့ Transporter 2 ရုပ်ရှင်ကြည့်ဖြစ်ကြပါတယ်။ ရုပ်ရှင်ပြီးတော့ ၁၁ နာရီခွဲပြီလေ.. ဟိုဟိုဒီဒီလဲ လျှောက်မသွားချင်ကြတော့တာနဲ့ အိမ်ပဲတန်းပြန်လာဖြစ်တယ်။ အိမ်ရောက်တော့ မောမောပန်းပန်းနဲ့အိပ်ချင်ပေမယ့်လဲ မနက်ခရီးအတွက် အထုတ်အပိုးတွေကို နှစ်ယောက်သားပြင်ကြဆင်ကြပေါ့။ သြော်.. မစိတ် များကြောက်ဖို့ကောင်းလောက်အောင်စွမ်းတာ ကိုယ့်ဟာကို သတိထားမိပြီးပြုံးဖြစ်သေးတယ်။

အလွန်ကောင်းတဲ့အိမ်မက်လေးမက်နေတုန်း သံပတ်ပေးထားတဲ့နာရီက
နေ့လည် ၁၁ နာရီ မှာ မလိုတမာ ဖျက်ဆီးပစ်လိုက်လို့ ကျွန်တော်နိုးခဲ့ရပြီ။ ဘေးက မင်းဆွေကိုကြည့်လိုက်တော့ အိပ်နေတာများ သိုးလို့။ ကျွန်တော်သူ့ကို နှိုးမနေတော့ပဲ ရေချိုးခန်းဝင်ပြီးရေချိုးလိုက်တယ်။ရေချိုးခန်းကထွက်လာတော့ မင်းဆွေတောင် နိုးနေပြီ။ သူလဲထပြီး ရေချိုး၊ ပြီးတော့နှစ်ယောက်သား နေ့လည်စာထွက်စားဖြစ်ကြတယ်။ စားပြီးတော့ အချိန်ကြည့်လိုက်တော့ ၄ နာရီထိုးခါနီးနေပြီ.. ဒါနဲ့ အိမ်ပြန် အထုပ်အပိုးတွေယူပြီး ဘူတာရုံကို ခပ်သုတ်သုတ်လစ်ခဲ့တယ်ပေါ့ဗျာ။ ရထားချိန်က ၆ နာရီဆိုတော့ ၅ နာရီခွဲလောက်ရောက်မှ တော်ကာကြမယ် လို့ကိုယ့်ဘာသာတွက်ပြီး ဘူတာကို ရောက်လာကာမှ ကိုရွှေရထားက ၁ နာရီလောက်နောက်ကျပြီးမှ ထွက်နိုင်တော့တယ်လေ။ ဒါကို မင်းဆွေက “တောက်… ကိုရီးကားထဲ မှာ အဲလိုနောက်ကျတယ်ဆိုတာမတွေ့ဖူးပါဘူး“ လို့ ညည်းတွားတာကြောင့် ကျွန်တော်က “တစ်ခါတစ်လေတော့လဲ နောက်ကျမှာပေါ့ကွ“ ဆိုပြီး ဖာဖာထေးထေး ပြောပေးတာပေါ့။ အဲဒီ စကားကိုကြားသွားတဲ့ ဘေးကအဖိုးကြီးတစ်ယောက်က “သားတို့က ရထားမစီးဖူးဘူးနဲ့တူတယ် .. ဒါ အချိန်မှန်လာတာပဲလေ .. တစ်ခါတစ်လေ တစ်ရက်လောက်နောက်ကျပြီးမှ ထွက်တာ“
“ဗျာ ..“ နှစ်ယောက်သားပြိုင်တူအသံထွက်အောင်လန့်သွားမိတယ်။ ဒါပေမယ့် ကြာကြာမလန့်နိုင်ပါဘူး .. ရထားထွက်တော့မယ်လို့ကြေငြာချက်ကြောင့် ရထားပေါ်တက်နေရာယူဖို့လုပ်ရတော့တာပေါ့။ ရထားပေါ်မတက်ခင် မင်းဆွေကို လမ်းမှာစားဖို့တစ်ခုခု မ၀ယ်တော့ဘူးလားလို့မေးတော့ “ဟာကွာ .. ပိန်းလိုက်တာ .. မင်း ဘကြီးတော်လက်ထက် မဟုတ်တော့ဘူးကွ ရထားပေါ်မှာ စားစရာတွေအမြဲလာရောင်းတယ်“ လို့ပြောပြီး ရထားပေါ်ကို ဟန်ပါပါတက်သွားလေရဲ့။ ရထားပေါ်ရောက်တော့ မင်းဆွေက ခုံနံပါတ် လိုက်ရှာပြီး ရထားတွဲရဲ့ ရှေ့ဆုံးခုံမှာဝင်ထိုင်လိုက်ပါတယ်။ ကျွန်တော်လဲ သူ့ဘေးနား ၀င်ထိုင်လိုက်ပြီး အထုပ်တွေနေရာချလိုက်ပါတယ်။ သေချာကြည့်မိလိုက်တော့မှ ကျွန်တော်တို့စီးနေတဲ့အတွဲက ရိုးရိုးတန်းကြီးဖြစ်နေတာတွေ့လိုက်ရတာကြောင့် မင်းဆွေကိုလက်တို့ပြီး “ဟေ့ကောင် .. ငါတို့စီးရမှာ ဒီအတွဲဟုတ်ရဲ့လား“ လို့မေးတော့ စိတ်ရှုတ်တဲ့ပုံနဲ့ “ဟုတ်တယ်လေ .. ရော့မယုံရင် မင်းဘာသာကြည့်တော့“ ဆိုပြီး လက်မှတ်ကို ကျွန်တော့်လက်ထဲထိုးပေးပါတယ်။ ကြည့်လိုက်တော့ ၊ ဟုတ်တယ် ဒီအတွဲ ဒီ ခုံနံပါတ်ပဲ။ ကျွန်တော် တော်တော်ကိုစိတ်ညစ်သွားပါတယ် .. တစ်လမ်လုံး ရိုးရိုးခုံကြီးမှာထိုင်ပြီး ဒုက္ခခံရတော့မှာပေါ့။
ဒီကောင့်ကို ယုံပြီးလက်မှတ်ယူမကြည့်မိတာမှားပြီ။ မတက်နိုင်ဘူး အချစ်တွက်ဆိုအသက်ပင်သေသေ ဆိုပြီးပြောကြတယ်မှတ်လား။ ဒီလောက်တော့သည်းခံရမှာပေါ့။မင်းဆွေက ပြတင်းပေါက်တွေဖွင့်ပြီး အပြင်ကိုဟိုကြည့်ဒီကြည့် လုပ်နေရာက “ဟေ့ကောင်.. ဟိုရောက်ရင်တော့ငါ့ကို တိုက်ရမယ်နော်“
“အေးပါကွ GTC တက်တုန်းကလို Grand တစ်ပြားနဲ့ ပဲကြီးလှော် ဆိုဖြစ်တယ်မှတ်လား“
ကျွန်တော် ခပ်တည်တည်နောက်လိုက်တယ်။ ဒါကို မင်းဆွေက မျက်စိပျက်မျက်နှာပျက် နဲ့
“အဲဒီလိုဆို မလိုက်တော့ဘူးနော် ဟေ့ကောင်“
“ဟာကွာ .. မင်းကလဲငတ်ကြီးကျနေပြန်ပြီ .. တိုက်မယ်ကွာ .. ကြိုက်တာလဲကျွေးမယ် ပြီးရင် ဆန်ဝယ်ရင်တောင် မင်းကောင်မလေးဆိုင်မှာဝယ်ဖို့ ငါ့ဘွားတော်ကိုပြောထားမယ် .. ဟုတ်ပြီလား“
“အောင်မာ ဘာဆိုင်လို့လဲ ငါ့ကောင်မလေးနဲ့“
“ . .. . .. . “
“ဟ ဘာနံ့ကြီးလဲဟ“
“အမ်… ဘာပါလိမ့်“
ဖြစ်ပုံကဒီလိုပါ .. ကျွန်တော်တို့ခုံတန်းက ရှေ့ဆုံးတန်းမှာဆိုတော့ ရထားတွဲ ရဲ့ သန့်စင်ခန်း နဲ့ ကပ်ရပ်ဖြစ်နေတာကြောင့် အနံ့အသက်မကောင်းတာတွေ ရှူမိလိုက်ရတာဗျ။ သေချင်စော်ကိုနံ့သွားတာပဲ.. မအန်မိအောင် မနည်းကြိုးစားထားရတာ။ “ငါးခူ ဒီက ရထားတွေကလဲ ကိုရီးယားကားထဲကလို မသန့်ရှင်းပါလားကွ“
“ဟေ့ကောင် ခုမှ အူကြောင်ကြောင်လာလုပ်မနေနဲ့ မင်းပဲရှေ့ဆုံးတန်းရအောင် လက်မှတ်ရောင်းတဲ့သူကို မုန့်ဖိုးပေးခဲ့သေးတယ်ဆို“
“အေးလေ.. ဟို ကိုရီးယားကားထဲက..“
“တော်ပါပြီ ဆရာသမားရယ် .. ကိုရီးယားကနေ မဆင်းတော့ဘူး“
“နေအုံးကွ .. ဒို့ခုံအောက်မှာလဲ ထင်းတွေနဲ့အပြည့်ပဲ ပိုင်ရှင်ရှာပြီးပြန်ယူခိုင်းရအောင်.. သူပြန်မယူဘူးဆိုရင်လဲ နေရာချင်းလဲရအောင်ပြောရမယ်.. ဒါမှ ဒီအနံ့နဲ့ဝေးမှာ“ ဒီကောင်က အဲဒီလို ဥာဏ်နီဥာဏ်နက်တော့များသည်။ သူ့ကိုနည်းနည်းမြှောက်ပေးလိုက်ရင် အကုန်ခိုင်းလို့ရသည်။ “အေး.. ဒါဆိုလဲရှာလေ .. မင်းကလည်လည်ဝယ်ဝယ်ရှိတယ်“
“အင်း .. ငါ ရှာကြည့်လိုက်ဦးမယ် .. ဘယ်သူများဖြစ်နိုင်မလဲ“
“ဟေ့ကောင်ရေ .. တစ်တွဲလုံးစစ်သားတွေကြီးပဲဟ .. ဘယ်လိုလုပ်မလဲ“
“ဟိုနားက ဗိုလ်ကြီးကိုမေးကြည့်လိုက်အုံးမယ်ကွာ“ ပြောပြောဆိုဆိုနှင့် မင်းဆွေက ထိုဗိုလ်ကြီးကိုသွားမေးလေသည်။
“ဦး … “
“ဟေ … “
“ဟိုခုံအောက်က သစ်ပုံကဘယ်သူ့ဟာတွေလဲဆိုတာ ဦးသိလား.. ကျွန်တော်တို့ ညဘက်အိပ်ဖို့ခက်နေလို့ ဦးသိရင်ကူညီပါဗျာ“
“သြော် .. အဲဒါ ဦးတို့တပ်အတွက် ထင်းတွေပါ.. သားတို့အိပ်ဖို့အဆင်မပြေရင် ဦး နေရာလဲဖို့စီစဉ်ပေးပါ့မယ်..“ ဆိုပြီး ရဲဘော်နှစ်ယောက်ကို ကျွန်တော်တို့နဲ့ခုံချင်းလဲထိုင်ခိုင်းလိုက်ပါတယ်။ ဒီလိုဆိုတော့လဲ မင်းဆွေက အလာကြီးပါလားဟု စိတ်ထဲမှာပဲပြောလိုက်မိသည်။ ဒီကောင့်ကိုတော့ ထုတ်မပြောရဲ တော်ကြာလေထဲမြောက်သွားလို့ပြန်မဆင်းနိုင်ဖြစ်သွားအုံးမည်။ နေရာပြောင်းလိုက်ရ၍ ကံကောင်းသည်ဟုထင်လိုက်သော်လဲ တက်တက်စင်အောင်မှားမှန်းနောက်မှသိလိုက်ရသည်။ ရန်ကုန်ကထွက်လာတာကြာပြီဖြစ်သော်ငြား မင်းဆွေ ပြောသည့် ရထားပေါ်တက်ရောင်းသော မုန့်သည်တစ်ယောက်မှမတွေ့ရသေး။
“မင်းဆွေ.. မင်းမုန့်သည်ကတစ်ယောက်မှမလာပါလာကွ“
“အေးနော် .. ဘာလို့လဲမသိဘူး“
ဘာဖြစ်ရမလဲ .. သေချာလေ့လာလိုက်တော့မှ တစ်တွဲလုံးက စစ်သားတွေမှာ ထမင်း၊ ဟင်း အပြည့်အစူံ ပါလာတာတွေ့တော့မှ သဘောပေါက်လိုက်သည်။ ဘယ်ဈေးသည်က ဒီလိုတွဲပေါ် လေကုန်ခံတက်ရောင်းမှာလဲ။ သွားပြီ … အကြီးကြီးကို မှားပြီ …. ဗိုက်ထဲမှာကလဲ တော်လှန်ရေးကစနေပြီ။ မတတ်နိုင်ဘူး .. နှစ်ယောက်သား ဗိုက်ဆာနေတာလေး မေ့နေအောင် လေတ၀ရှူပြီး စကားတွေပဲ ဖိပြောနေတော့သည်။ ဟိုလူ့အကြောင်းရောက်လိုက် ၊ ဟိုစီးပွားရေး ရောက်သွားလိုက်နဲ့ ဘယ်လောက်တောင်ကြာသွားလဲမသိ။ နှစ်ယောက်သားမျက်နှာမှာ တံတွေးစက်တွေကိုပြည့်လို့။ အညာသားတွေ စကားနည်းတာပြောပါတယ်။ အညာသားတွေ ကြိုးစားလိုက်တာကလဲ လွန်ရော။ အခုကြည့်ပါလား .. သင်တန်းတက်မယ့်လခတွေကိုသုံးပြီး ခရီးထွက်ကြတယ်လေ။ နှစ်ယောက်သား စကားကောင်းနေတုန်း နောက်ဘက်ကနေ “ဘုန်း“ ဆိုတဲ့ အသံကြားတော့ စပ်စုမိကြသည်။ ကိုရွှေ ရဲဘော်တစ်ယောက်က ပါလာတဲ့သူ့မိန်းမကို မူးပြီးရစ်နေတာတွေ့ရသည်။ “ရှင့်ကို ပြောပြီးသားပဲ.. ထမင်းချက်ချိန်မရလို့ ထမင်းကြမ်းပဲ ယူလာတာပါဆို“
“နည်းနည်းလေးနဲ့ဘယ်လိုဝ မှာတုံး.. မင်းကွာ . ကိုယ့်ယောကျာ်း ဘယ်လောက်စားနိုင်တယ်ဆိုတာမသိတာလား“
“သိပါတယ် ငပေါကြီးရဲ့ .. စစ်သားဖြစ်နေတာတောင် ဒီလိုဖက်တီးကြီးဖြစ်နေတာကိုကြည့်ပါလား“ ဖြစ်နိုင်ပါတယ် .. ဒီလူ ဒီလောက်ဝနေတာ။ကိုယ့်ဘာသာ စဉ်းစားနေတုန်း မင်းဆွေရဲ့အသံကျယ်ကျယ်ကိုကြားရတော့တာပဲ။
“ဟာ.. ဟေ့လူ ဒီလိုလုပ်လို့မရဘူးလေဗျာ“
ကြည့်လိုက်တော့ .. လား လား .. စစ်သားတစ်ယောက် မူးမူးနဲ့ ကျွန်တော်တို့ ခုံတန်းပေါ်က အိတ်တွေထားတဲ့ စင်မှာ ပုခက် အိပ်စင်လုပ်ဖို့ကြိုးချည်နေတာနေတာတွေ့ရသည်။ ကျွန်တော်လဲ ထူပူသွားပြီး “ဟာ .. ဦးလေး အဲဒီလိုတော့မလုပ်သင့်ပါဘူး .. မတော်လို့ ဦးလေးပြုတ်ကျရင် ကျွန်တော်တို့နှစ်ယောက် ဘ၀ပျက်ပြီပေါ့“ လို့ပြောပြီးကမန်းကတန်းတားလိုက်သည်။
“ဟေ့ကောင် ဘာလို့ကျရမှာလဲ ဒီပုခက်ကို နယ်နယ်ရရ အောင်းမေ့နေလား .. တိုက်ပွဲတိုင်းမှာ ရွပ်ရွပ်ချွံချွံ တိုက်နိုင်ခဲ့တာ ဒီကောင့်ကြောင့်ကွ.. ဂေ့“
“ဟာ .. ပုခက်ကိုတော့ယုံတယ်ဗျာ .. မယုံတာကလူ.. ဒီလောက်မူးနေတာကို ဘယ်လိုအပေါ်မှာအိပ်မှာလဲဗျ“
မင်းဆွေ ၀င်ပြောလိုက်ခြင်းဖြစ်ပါသည်။ ဒီကောင်က အဲဒီလိုနေရာတွေမှာ အာသွက်လျှာသွက် ပြောနိုင်သည်။ အပြောခံလိုက်ရ၍ ထိုစစ်သားမှာ ရှူးရှူးရှားရှား ဖြစ်သွားပြီး
“မင်းက ငါမူးနေတယ်ဆိုပြီးအထင်သေးတာလား“
“ဟုတ်တယ်ဗျာ.. မူးရင်းမတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ဘူး“
“ကောင်လေး .. ငါ တပ်ကြပ်ဖြစ်နေတာ တိုက်ပွဲတိုင်းမှာ မူးနေတာတောင် ရန်သူကို မှန်အောင်ပစ်နိုင်လို့ကွ“
“သေနတ် ပစ်ပြစရာမလိုပါဘူးဗျာ .. ဒီခုံတန်းထိပ်ပေါ်မတ်တပ်ရပ်ပြီး တစ်ခုံပြီးတစ်ခုံ ကူးနိုင်ရင် တော်ပါပြီ“
မင်းဆွေ သက်သက်ညစ်ပြီ။ မူးနေတဲ့သူမပြောနဲ့ လူကောင်းတောင် ကူးဖို့မလွယ်ဘူးဆိုတာ သူကော ကျွန်တော်ပါသိသည်။
“ကောင်လေး.. စိန်ခေါ်တာလား .. ငါကူးနိုင်ရင် ဘာပေးမလဲ“
“ဒီခုံတန်း ၅ ခုံ ကူးနိုင်ရင် ဟောဒီမှာတွေ့လား“ မင်းဆွေက သူ့လက်ကနာရီကိုထိုးပြပြီး
“၀ယ်ထားတာမကြာသေးဘူး .. ကူးနိုင်ရင် ဦးယူလိုက်တော့“
တပ်ကြပ် ဦးလေးကြီးက မူးတဲ့အရှိန်နဲ့မိုက်လေပြီ။
“ကြာတယ်ကွာ အခုစပြီ“ ဆိုပြီး ပြောပြောဆိုဆို ခုံပေါ်တက်မတ်တပ်ရပ်လေပြီ။ တစ်ခုံ စကူးပြီ၊ စစ်သားမို့လားမသိ အေးအေးဆေးဆေးကိုယ်ကိုထိန်းနိုင်တယ်။
“ကဲ နောက်တစ်ခုံ“
“အုံး“
“ဟ .. သွားပဟ“
“ဘာတွေလဲ“
“သေပြီ .. သေပြီ“
အသံတွေပေါင်းစုံသွားပြီး အိပ်နေသော ဗိုလ်ကြီး နိုးလားကာရဲဘော်တွေကို ထဆဲတောတာပေါ့။
တပ်ကြပ် ဦးလေးကြီးကိုလဲ “ခင်ဗျား မူးနေရင်ကောင်းကောင်းနေပါ။ အချုပ်ထဲဝင်ချင်လို့လား“ ဟုကြိမ်းလေပြီ။
“ဗိုလ်ကြီး ကျွန်တော်မဟုတ်ဘူး ၊ ဒီကောင်လေးတွေက .. “
“သြော်.. ဦးလေးတို့ အိုက်တယ်ဆိုရင်လဲပြောတာမဟုတ်ဘူး … ကျွန်တော်ပြတင်းပေါက်ဖွင့်ပေးမှာပေါ့“ ဟု မင်းဆွေက ခပ်တည်တည်နဲ့ ၀င်ပြောလိုက်တယ်။
ကျွန်တော်လဲမနေသာတော့ပဲ “ဖွင့်ပေးလိုက်လေကွာ“ ဆိုပြီး ၀င်ရွှီးပေးရတော့တာပေါ့။
“အာ…. မင်းတို့ဘာတွေလျှောက်“
“တော်ပြီ အိပ်တော့“တပ်ကြပ် ဦးလေးကြီးစကားတောင်မဆုံးလိုက်၊ ဗိုလ်ကြီးမှ ၀င်ဟောက်လိုက်သဖြင့်ငြိမ်သွားလေပြီ။ဒါတောင် ဗိုလ်ကြီးအလစ် မှာ ကျွန်တော်တို့ကို လက်သီးထောင်ပြလိုက်သေးတယ်။ ကျွန်တော်တို့ကလဲ ကိုယ်မဟုတ်သလို ဟိုကြည့်ဒီကြည့်လုပ်ပြီး အရူးကွက်နင်းလိုက်တာပေါ့ ဘာရမလဲ။
ညတောင် အတော်စုန်းစုန်းချုပ်နေပြီ ခုထိအိပ်လို့မရသေး။ ပထမဆုံး ရထားစီးဖူးတဲ့အတွေ့အကြုံကို ကျွန်တော် တော်တော်စိတ်ပျက်မိသည်။ နားထဲမှာ ဆူညံပွက်လောရိုက်နေပြီး ဘယ်လိုမှအိပ်မရတော့။ သေချာတာက မနက်ဖြန် ရေဆင်းဘူတာမှာ ပန်ဒါ တစ်ကောင်ရောက်တော့မယ်ဆိုတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်သည်းခံရမှာပေါ့။ သူလေးနဲ့တွေ့ဖို့ဆိုရင် ဘာမဆိုရင်ဆိုင်နိုင်ပါတယ်။ မကြာခင်တွေ့ရတော့မယ့်သူလေးရဲ့အကြောင်းတွေ စဉ်းစားရင်းနဲ့ အတွေးကမ္ဘာမှာကျွန်တော် နစ်မျောသွားလေရဲ့။

အပိုင်း(၃) ဆက်ရန် . . . .
ဆက်ကြည့်ရန်...