Thursday 20 November 2008

ဘလောခ့်ကာ နှင့် အငြင်းအခုံ

တစ်နေ့တစ်နေ့ ကမ္ဘာပေါ်မှာ ဘလောခ့် အရေအတွက်တွေ ရာနဲ့ထောင်နဲ့ချီပြီး ပေါ်လာပါတယ်။ စစ်တမ်းတစ်ခုရဲ့အဆိုအရ တရုတ်ပြည်တစ်ခုတည်းမှာတင် ဘလောခ့်ပေါင်း သန်း ၁၀၀ ကျော်(ပိုနိုင်သေး)နေပြီလို့သိရပါတယ်။ တစ်နေ့တစ်နေ့ ဘလောခ့်တွေများလာတာနဲ့အမျှ ဘလောခ့်ပတ်ဝန်းကျင်ကလူတွေမှာငြင်းစရာခုန်စရာတွေပေါများလာပါတယ်။ အဲဒီအထဲမှာ မြန်မာဘလောခ့်ကာတွေသာမက အခြားနိုင်ငံမှဘလောခ့်ကာတွေပါ ငြင်းခုံနေရတဲ့အကြောင်းအရာ က တစ်ခြားမဟုတ်ပါဘူး။ ဘလောခ့်ကာ ဆိုတဲ့လူတစ်ယောက်မှာ ဘာအရည်အချင်းတွေရှိရမလဲ ၊ မရှိရင်ကော ဘလောခ့်ကာမဖြစ်ဘူးလို့သတ်မှတ်မလားဆိုတဲ့ အချေအတင်ငြင်းခုံနေကြခြင်းတွေပါ။ ဒီတော့ ကျွန်တော့် အမြင်လေးမပြောခင် ဘလောခ့်ကာဆိုတဲ့နေရာတစ်ခုအပေါ်အကြမ်းအားဖြင့် ပြောနေကြတဲ့အချက်လေးတွေကိုကြည့်လိုက်ကြရအောင်။

၁။ ဘလောခ့်ကာတစ်ယောက်ဆိုတာဘာလဲ။
၂။ ဘလောခ့်ကာဖြစ်ဖို့ဘာအရည်အချင်းလိုလဲ။
၃။ ဘလောခ့်ကာရဲ့ကျင့်ဝတ်။
၎။ ဘလောခ့်ကာလူတန်းစားတစ်ရပ်။
၅။ ဘလောခ့်ကာနဲ့စီးပွားရေး။


ငြင်းခုံနေကြတဲ့အကြောင်းအရာတွေကတော့အများကြီးပါ။ အဲဒီ အထဲမှာမှအရေးကြီးတယ်လို့ထင်ရတဲ့ အပိုင်းလေးတွေကိုဆွေးနွေးသွားမှာပါ။ ကဲစလိုက်ကြရအောင် . . . . . .

၁။ ဘလောခ့်ကာဆိုတာလူတစ်ယောက်ပါပဲ။လူထဲမှာမှ ကိုယ့်ရဲ့ခံစားချက်တွေကို အများကိုဝေမျှဖို့အင်တာနက်စာမျက်နှာပေါ်မှာစာရေးနေကြတဲ့ အပျော်တမ်းစာရေးဆရာတွေပါ။ ကျွန်တော်ကတော့ ဘလောခ့်ကာတွေကို virtual journalist တွေလို့ခေါ်ချင်ပါတယ်။ အပြင်မှာ တစ်ကယ်စာရွက်နဲ့ရေးနေကြတဲ့စာရေးဆရာတွေလို တော်တဲ့ဘလောခ့်ကာတွေလဲရှိသလို၊ ကိုယ်ခံစားနေရတာတွေကို အများနဲ့ဝေမျှခံစားချင်တဲ့စိတ်သက်သက်ကြောင့် ရေးတတ်သလိုရေးတင်ပြနေကြတဲ့သူတွေလဲရှိပါတယ်။ သူတို့က ဘယ်လို့ပဲရေးနေကြပါစေ သူတို့ကို အနုပညာရှင်တွေလို့ခေါ်နိုင်တယ်လို့ထင်ပါတယ်။ အကြောင်းကြောင်းကြောင့် ဘလောခ့်ဆက်မရေးနိုင်သူတွေကိုလဲ စာရေးဆရာဟောင်းတွေလိုပဲ ဘလောခ့်ကာဟောင်းတွေလို့ခေါ်နိုင်ပါတယ်။တစ်ချို့သောဘလောခ့်ကာတွေက စာရေးရာမှာအရမ်းနည်းပါတယ်။ သူတို့တွေက ကိုယ့်ရဲ့ဘလောခ့်လေးလှအောင်လုပ်ဖို့၊ လူကြည့်များအောင်လုပ်ဖို့ကိုပိုကြိုက်ကြပါတယ်။ဘယ်လိုပဲဖြစ်နေပါစေ သူတို့တွေကိုလဲ ဘလောခ့်ကာလို့သတ်မှတ်နိုင်ပါတယ်။ ဆရာဝန်တွေတောင်ဆေးမကုပဲ ဆေးလက်မှတ်ဘွဲ့ရှိနေတဲ့အတွက် ဆရာဝန်လို့ခေါ်နိုင်သလိုပဲပေါ့။ တစ်ကယ်ဆေးကုချင်တဲ့ လူနာကတော့ တစ်ကယ်ကုတဲ့သူကိုရှာကု မှာဖြစ်သလို တစ်ကယ်စာဖတ်ချင်တဲ့သူကလဲ တစ်ကယ်ရေးတဲ့ဘလောခ့်ကာဆီကိုပဲသွားကြပေါ့။ဒီလောက်ပဲကွာမယ်လို့ထင်ပါတယ်။

၂။ ဘလောခ့်ကတစ်ယောက်ရဲ့အရည်အချင်းဆိုတဲ့နေရာမှာနှစ်ပိုင်းရှိပါတယ်။ စာအရေးအသားနဲ့ပတ်သတ်ပြီးပြောရရင် ဘလောခ့်ကာတွေက အထက်မှာပြောခဲ့သလိုပဲ journalist တွေလို့သတ်မှတ်လို့ရတာကြောင့် journalist တွေလိုပဲ စာရေးရာမှာ အကြောင်းအရာအမျိုးအစားပေါင်းစုံရေးလို့ရပါတယ်။ ဒါပေမယ့် မြန်မာဘလောခ့်ကာတွေကတော့ ဘလောခ့်ကို ဒိုင်ယာရီရေးသလို တစ်နေ့ဖြစ်ပျက်ခဲ့တာတွေ ပြန်ချရေးပြနေကြပါတယ်။ တစ်ခြားနိုင်ငံသားတွေရဲ့ဘလောခ့်တွေမှာတော့ ကျွန်တော်အခုအထိ မမြင်ဖူးသေးပါ။ ကိုယ့်အကြောင်းကိုယ်မရေးရတဲ့ သတ်မှတ်ချက်ရှိလို့လားလို့မေးရင်တော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာက စာဖတ်သူကို တစ်ခုခုရသွားစေဖို့လိုမယ်လို့ထင်လို့ပါ။ ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုရင်လဲ ပညာတစ်ခုခုရနိုင်တဲ့အကြောင်းလေးတွေသာ ရေးသင့်တယ်လို့ထင်ပါတယ်။ မိမိရဲ့အချိန်ကိုသာမက စာဖတ်သူရဲ့အချိန်ကိုပါ ငဲ့ညာသောအားဖြင့် အကျိုးရှိတဲ့စာတွေကိုသာရေးသားသင့်ပါတယ်။ဒုတိယပိုင်းအနေနဲ့တော့ Blog and its Functions ပါ။ အပြင်ကစာရေးဆရာတွေနဲ့တော့ ဒီနေရာမှာနည်းနည်းကွားသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ အပြင်ကစာရေးဆရာတွေမှာ အသုံးပြုစရာဆိုလို့ အတွေးအခေါ်နဲ့စာရေးဖို့ ခဲတံ ၊ ဒါမှမဟုတ် ဖောင်တိန်ရှိရင်ရေးလိုရရပါပြီ။ ကျန်တဲ့အပိုင်းတွေကတော့ မဂ္ဂဇင်းတိုက်နဲ့ဂျာနယ်တိုက်တွေကဆက်လုပ်သွားမှာကြောင့်ပါ။ ဘလောခ့်မှာတော့ အဲဒီလိုမရပါဘူး။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင်ထုတ်လုပ်ရမှာပါ။ ဒါကြောင့် ဘလောခ့်ကာတွေအားလုံးဟာ ဘလောခ့်တစ်ခုမှာ အသုံးချနိုင်တဲ့ အခြေခံ လုပ်ဆောင်ချက်တွေကိုသိထားရမှာပါ။ ဆရာဝန်တွေမှာ ပညာဘယ်လောက်တော်တော် ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေကို ကောင်းကောင်းအသုံးမချတတ်ရင် မဖြစ်ပါဘူး။ ဒီလိုပဲ ဘလောခ့်ကာတွေကလဲ ကိုယ်ပိုင်ဘလောခ့်ဆောက်ရာမှာလိုအပ်တဲ့ လုပ်ဆောင်ချက်တွေမသိရင်မဖြစ်ပါဘူး။ ဆေးရုံက ဘယ်လောက်ကောင်းတယ်၊ စက်ကိရိယာတွေ ဘယ်လိုစုံတယ်အပေါ်မူတည်ပြီးတော့ လူနာအရောက်အပေါက်ကွာသလို ဘလောခ့်က ဘယ်လောက် ကြည့်ရတာအဆင်ပြေတယ်၊ ဘယ်လိုလုပ်ဆောင်ချက်တွေကြောင့်ဖတ်ရတာ ပိုအဆင်ပြေတယ်ဆိုတဲ့ ကွာခြားချက်ကြောင့် စာဖတ်သူဦးရေ ကွာခြားနိုင်ပါတယ်။

၃။ ဘလောခ့်ကာတစ်ယောက်ရဲ့ကျင့်ဝတ်ဆိုတဲ့နေရာမှာ အရင်ဦးဆုံး လူကျင့်ဝတ်နဲ့အညီရှိရပါမယ်။ ဘာလို့လဲဆိုတော့ သူဟာလူတစ်ယောက်အဖြစ်ရှိနေသေးလို့ပါ။ တစ်ခြား ကျင့်ဝတ်တွေအနေနဲ့ကတော့ Copyright ပါပဲ။ ကိုယ်ကတစ်ခြားသူဆီကရလာတဲ့ကိစ္စလေးတွေပြန်ပြောရင် မူရင်းရလာတဲ့နေရာ၊ ဒါမှမဟုတ် မူရင်း ပိုင်ရှင်အမည် တွေကိုသိရင်သိသလိုပူးတွဲဖော်ပြပေးရမှာဖြစ်ပါတယ်။ ဘာတစ်ခုမှမသိနိုင်ဘူးဆိုရင်တောင် ကိုယ်တိုင်ရေးတာမဟုတ်ကြောင်းဖော်ပြရပါမယ်။ တစ်ချို့တွေက ဘလောခ့်ကာတွေ တစ်ခြားဘလောခ့်ရဲ့ CBox (စကားပြောရန်ထားသောနေရာ) တွေမှာအလည်လာကြောင်းပြောပြီး ပြန်အလည်လာရန်ဖိတ်ခေါ်ခြင်းဟာ မကောင်းသောအကျင့်လို့သတ်မှတ်ကြပါတယ်။ အဲဒီလို အလည်လာရန်ဖိတ်ခေါ်ခြင်းဟာတစ်ကယ်တော့မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ကိုယ်ရေးထားတဲ့စာတွေလာဖတ်မဲ့သူမရှိရင်ရေးရတာအလကားသက်သက်ဖြစ်ကုန်ကြမှာပေါ့။ အားလုံးသိတဲ့အတိုင်းပဲ Blog ဆိုတာက search engine တွေမှာဖော်ပြတယ်ဆိုတာ ခပ်ရှားရှားလေ။ ဒါကြောင့် ဘလောခ့်ကာတွေက အခြားသူများရဲ့ဘလောခ့်မှာ ကိုယ့်ဆီလာလည်ရန်ဖိတ်ခေါ်ခြင်းဟာပြုသင့်တဲ့အရာပါ။ ဘလောခ့် စရေးတဲ့သူတွေ အဖို့လဲ အခြားသူတွေကိုယ့်ဘလောခ့်လာလည်တဲ့အခါ အားတက်ရပါတယ်။ အချင်းချင်းအားပေးမှုလဲလိုအပ်ပါတယ်။

၎။ ဘလောခ့်ကာလူတန်းစားတစ်ရပ်ဆိုတဲ့အချက်နဲ့ပတ်သတ်ပြီး ပြောရရင် ဘလောခ့်ကာဆိုတဲ့အသိုင်းအ၀ိုင်းလေးတစ်ခုရှိသင့်ပါတယ်။ စာရေးလို့စာရေးဆရာလို့ခေါ်ရင် ဘလောခ့်ရေးတဲ့သူကိုလဲ ဘလောခ့်ကာလို့ခေါ်ကြရမှာပါ။ ဒါပေမယ့် ဆင်းရဲ၊ချမ်းသာ ခွဲခြားထားတဲ့ လူတန်းစားခွဲခြားနည်းကိုပြောတာမဟုတ်ပါဘူး။ ပညာရပ် တွေပေါမူတည်ပြီး ခွဲခြားထားတဲ့ လူတန်းစားမျိုးကိုဆိုလိုပါတယ်။

၅။ လူတိုင်းက စားဝတ်နေရေးအတွက် စီပွားရေးကိုလုပ်ကြရပါတယ်။ ဘလောခ့်ကာတွေဟာလဲ ဘလောခ့်နဲ့ပါတ်သတ်ပြီး စီးပွားရေးလုပ်ချင်ရင် လုပ်လို့ရပါတယ်။ဘလောခ့်စီးပွားရေးလုပ်လို့ မကောင်းတဲ့ဘလောခ့်ကာလို့ခေါ်လို့မရပါဘူး။ ဘလောခ့်ကာတစ်ယောက်ဟာ Copyright ဥပဒေနဲ့မငြိစွန်းသရွေ့စီးပွားရေးလုပ်နိုင်ပါတယ်။

အထက်ပါဆွေးနွေးချက်များက ကျွန်တော်တစ်ယောက်ထဲရဲ့အမြင်ကိုတင်ပြထားတာဖြစ်ပြီး မည်သူ့ကိုမှလဲ ထိပါးစော်ကားလိုချင်းအလျဉ်းမရှိပါ။ တိုက်ဆိုင်မှုတွေရှိပါက သဘောထားကြီးစွာ ခွင့်လွတ်ပေးပါရန်အနူးအညွှတ်တောင်းပန်အပ်ပါသည်။ မိမိတင်ပြဆွေးနွေးလိုသည်များကိုလဲ လွတ်လပ်စွာဆွေးနွေးနိုင်ပါသည်။

2 comments:

  1. ရေးထားတာ ထောင့်စေ့တယ်ဗျာ။ နှစ်သက်မိတယ်ဗျ။

    ReplyDelete