Monday, 19 January 2009

ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်

ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာပြည်ကိုဝင်ရောက်လာခဲ့တဲ့ ဂျပန်ဘုရင့်တပ်မတော်ရဲ့ရက်စက်မှုတွေကိုရိုက်ပြထားတာပါ။ ထိုအချိန်က မြန်မာပြည် အခြေအနေတွေကိုလဲရိုက်ပြထားတာပါတယ်။ ကြည့်သင့်တဲ့ Video လေးမို့ပြန်လည်ဝေငှလိုက်ပါတယ်။

ဆက်ကြည့်ရန်...

Saturday, 17 January 2009

ကြက်ဆူဆီဖြင့် လေယာဉ်များပျံသန်းနိုင်ဖွယ်ရှိ

လောင်စာဆီတွင် ကြက်ဆူဆီတစိတ်တပိုင်းမျှ ရောနှောထားသည့် စက်သုံးဆီဖြင့် မောင်းနှင်ခဲ့သည့် ခရီးသည်တင် လေယာဉ်ပျံတစ်စင်း၏ စမ်းသပ်ပျံသန်းမှုကို နယူးဇီလန် လေကြောင်းလိုင်းက အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အနာဂါတ်ကာလ စွမ်းအင်ထုတ်လုပ်မှုတွင် ဇီဝလောင်စာများ အစားထိုးသုံးစွဲနိုင်ရေး ရည်ရွယ်ချက်၏ အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် စမ်းသပ်ပျံသန်းခဲ့သော အဆိုပါ ဘိုးအင်း 747-400လေယာဉ်တွင် jatrophaခေါ် ကြက်ဆူစေ့မှရရှိသော ဆီတစ်ဝက်နှင့် A1အဆင့်ရှိ လေယာဉ်ဆီတစ်ဝက်တို့ကို ရောနှောပြီး လောင်စာအဖြစ် အသုံးပြုခဲ့ရာ (၂)နာရီကြာမြင့်သော ခရီးစဉ်ကို ချောမောစွာ အောင်မြင်နိုင်ခဲ့ကြောင်း နယူးဇီလန် လေကြောင်း အာဏာပိုင်များက ကြေညာခဲ့သည်။




အုတ်ကလန်တွင် ပြီးခဲ့သော သီတင်းပါတ်အတွင်းက အစမ်းပျံသန်းခဲ့သည့် ရလဒ်များအားလုံး ကျေနပ်စရာဖြစ်ကြောင်း လေယာဉ်မှူး ဒေးဗစ်မော်ဂန်က ဆိုသည်။ ယခုလောင်စာအား အသုံးပြုပျံသန်းနေစဉ် ဆီစနစ်ရော၊ အင်ဂျင်ပိုင်းတွင်ပါ ချွတ်ယွင်းမှု တစုံတရာ မတွေ့ခဲ့ဟု ၎င်းက ပြောကြားသွားသည်။ ယခုကဲ့သို့ ဇီဝစွမ်းအင်သုံး လောင်စာဆီများ အသုံးချလာခြင်းဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် ကာဗွန်စွန့်ထုတ်မှုများ လျှော့ချနိုင်မည်ဟု ပညာရှင်များက ပြောဆိုထားသည်။ ဒုတိယမျိုးဆက် ဇီဝလောင်စာများဟု သတ်မှတ်ထားသော ကြက်ဆူဆီသည် သမားရိုးကျ အီသနောကဲ့သို့ ဇီဝလောင်စာများထက် အသုံးတွင်ကျယ်နိုင်မည်ဟု သိပ္ပံပညာရှင်များက မျှော်လင့်ထားကြပြီး (၂၀၁၇)ခုနှစ်တွင် ကမ္ဘာပေါ်ရှိ လေယာဉ်များအားလုံး ဇီဝစွမ်းအင်ဖြင့် ပျံသန်းနိုင်ရေး ဦးတည်ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့သော်လည်း ဇီဝစွမ်းအင်များ သုံးစွဲမှု မြင့်တက်လာလျင် သီးနှံစိုက်ခင်းများအတွင်း အစားအသောက်အတွက်ထက် လောင်စာအတွက် ဦးစားပေးကာ စိုက်ပျိုးလာခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်မှုအတွက် ထိပါးမှုအချို့ ရှိလာနိုင်ကြောင်းလည်း ဝေဖန်မှုများ ထွက်ပေါ်နေဆဲဖြစ်သည်။

မူလသတင်းစဉ် - Planet
ဆက်ကြည့်ရန်...

Sunday, 28 December 2008

ဘလောခ့်အကယ်ဒမီ နဲ့ လူကြမ်းဆု

ကျွန်တော်စာမရေးဖြစ်တာကြာပါပြီ။ မအားတာရယ် ရေးစရာအကြောင်းမရှိတာနဲ့မရေးဖြစ်တာ အခုဆို ၃ပတ်လောက်ရှိရောပေါ့။ ဒီကြားထဲမှာ သူများတွေရေးထားတာကိုပဲလျှောက်ဖတ်ပြီး ပညာယူနေခဲ့တယ်လေ။ အခုရေးဖို့အကြောင်းဖန်လာတော့လဲ မရ ရတဲ့အချိန်ဆွဲထုတ်ပြီးရေးဖြစ်တာ။ ဒီတလော ဘလောခ့်တွေပေါ်မှာ ထူးထူးခြားခြားဖြစ်နေတဲ့ သတင်းလေးက ဘလောခ့်အကယ်ဒမီ ပေးပပွဲကျင်းပမယ်ဆိုတဲ့အကြောင်းလေးပါပဲ။ အဲဒီ အကယ်ဒမီပေးပွဲကို MBA လို့ခေါ်တဲ့ အဖွဲ့က ကမကထပြုလုပ်ကျင်းပပေးမယ်လို့သိရပါတယ်။
အသေးစိတ်ကိုတော့ ဒီမှာ ပဲကြည့်လိုက်ကြပါဗျာ။ ကျွန်တော်ရေးမယ့်အကြောင်းက အဲဒီအကယ်ဒမီပေးပွဲ အတွက် လူတွေဘယ်လို ဝေဖန်ကြလဲဆိုတာကိုပါ။ ပထမဦးဆုံးအနေနဲ့ ဒေါက်တာလွဏ်းဆွေ ရဲ့ဘလောခ့်မှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ထားတာတွေ့ရပါတယ်။ ဒေါက်တာအမည်တပ်ပြီး မိန်းမလိုမိန်းမရ အရေးအသားနဲ့ မြန်မာစာကိုသုံးထားတဲ့အသုံးအနှုန်းတွေက ဘလောခ့်ပေါ်မှာ ထမိန်စွန်တောင်ဆွဲပြီး ဆဲနေတဲ့ ငါးစိမ်းသည်တစ်ယောက်အလား ဖြစ်နေပါတယ်။ ကျွန်တော် အဲဒီစာရေးသူကိုမသိပါဘူး။ ဒါပေမယ့် အသက်ကြီးပိုင်းထဲက ပုဂ္ဂိုလ်တစ်ဦးဖြစ်မယ်လို့တော့ထင်ပါတယ်။ ကျွန်တော့်လို့ လူငယ်တစ်ဦးတောင်မရေးဝင့်တဲ့ အရေးအသားတွေကိုမြင်ရတော့ အတော့်ကိုအံ့အားသင့်သွားပါတယ်။ ဝေဖန်တယ်ဆိုတာကတော့ လူတိုင်းလုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်တစ်ခုပါ ဒါပေမယ့် ဝေဖန်တဲ့နေရာမှာ အပြုသဘောဆောင်တဲ့ဝေဖန်ချက်တွေသာ အလုပ်ဖြစ်တယ်ဆိုတာမေ့မထားသင့်ပါဘူး။ ဝေဖန်တာနဲ့ ဆဲရေးတာကို ကွဲပြားသင့်တဲ့ အသက်အရွယ်ရှိမယ်လို့လဲထင်ပါတယ်။

နောက်ထပ်ပြီးတော့ အဲဒီပိုစ့်မှာ ရေးထားကြတဲ့ အချို့သောသူများရဲ့ Comments တွေမှာလဲ မဆီမဆိုင် ဝေဖန်ထားကြတာကိုတွေ့ရတယ်။ MBA က အချောင် ဒိုင်ပင်ထိုးပြီး ဘလောခ့်လောကမှာ ဆရာလုပ်ချင်တာတဲ့ MBA ကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့်ဘလောခ့် လောကမှာဆရာလုပ်ချင်နေတာလို့စွပ်စွဲရလောက်အောင် ဘလောခ့်လောက ကရောဘယ်လောက်နာမည်ကြီးလို့လဲဗျာ။ ကျွန်တော့်ရဲ့ ဘလောခ့်ကာ တစ်ယောက်အပေါ်အမြင်တွေကို သိချင်ရင် ဒီမှာ ဖတ်နိုင်ပါတယ်။ အဲဒါလေးဖတ်ပြီးရင် ဘလောခ့်ကာ ဆိုတာဘာမှမဟုတ်မှန်းသိကြမှာပါ(ဘလောခ့်ကာဆိုတာဘာကြီး ညာကြီးဆိုပြီးထင်နေကြသူများအတွက်သာ)။ ဆုပေးတဲ့အဖွဲ့တွေကိုသာ ဒိုင်ပင်ပစ်ဝင် အချောင် ဆရာဝင်လုပ်ချင်နေတာလို့ထင်နေရင် နိုဘယ်ဆုကိုရော ဘယ်လိုသတ်မှတ်မလဲ။ နိုဘယ်ဆုမရှိလဲ လူတွေကသူ့ဘာသာ တီထွင်ဖေါ်ထုတ်နေကြမှာပဲမဟုတ်လား။ ကျွန်တော် စဉ်းစားမရတာက မြန်မာတွေဘာကြောင့် မြန်မာအချင်းချင်းကြိုးစားအားထုတ်မှုကို အားပေးတာမျိုးမရှိရတာလဲ။ နိုင်ငံခြားကိုမှအထင်ကြီးတာလား။ နိုင်ငံခြားကပေးတဲ့ဆုမှ ဆုလို့သတ်မှတ်တာလား။ နိုင်ငံရေး အတွက် ဘလောခ့်လုပ်နေတဲ့ ဘလောခ့်ကာများရဲ့ လုံခြုံရေးကို စိုးရိမ်တာမျိုး ဆိုရင်လဲ ဆုရတဲ့အခါ အခြေအနေအရဆုမယူပဲ မည်သူမည်ဝါ ဆုရသွားတယ်ဆိုတာမျိုးလောက်ပဲလုပ်ပေးပါလို့တောင်းဆိုရင် လုပ်ပေးမယ့်အနေအထားရှိပါတယ်။ ဘလောခ့်ကာ ရဲ့အမည်မှန်နဲ့နေရပ်လိပ်စာအတိအကျပေးရမယ်လို့ အတင်းအကြပ်တောင်းဆိုတာမျိုးမတွေ့ဘူးပါ။ ဆုပေးတဲ့အဖွဲ့အနေနဲ့လဲ ပွဲတစ်ခုခုလုပ်တော့မယ်ဆိုရင် ကြိုတင်အစီအစဉ်ချ စနစ်တကျလုပ်ဖို့သင့်တယ်လို့ထင်ပါတယ်။ အခု လုပ်တဲ့ပွဲမှာ လိုအပ်ချက်တွေရှိနေသေးတာတွေ့ရပါတယ်။ ဘလောခ့်စာရင်းကို အသစ်ဖြည့်တာမဲပေးမှုတွေမစခင်ကတည်းကလုပ်သင့်ပါတယ်။ Vote System အနေနဲ့ကတော့မပြောလိုပါဘူး။ ဘယ်နိုင်ငံမှာမှ Online voting ကို Fair ဖြစ်အောင်မလုပ်နိုင်သေးပါဘူး။ နည်းပညာရဲ့အားနည်းချက်ကိုထောက်ပြီး MBA ကိုမဝေဖန်သင့်ပါဘူး။ MBA ကို ကျွန်တော်မသိသလို အကယ်ဒမီပွဲကိုလဲ လေ့လာသူအဖြစ်ထက်ပို စိတ်မဝင်စားပါဘူး။ ဒါပေမယ့် မြန်မာလူငယ်တွေ နည်းပညာအကြောင်း စိတ်ဝင်တစားရှိကြတာသိရတော့ ဝမ်းသာအားရဖြစ်မိပါတယ်။ ဒါကြောင့် စိတ်ထက်သန်စွာလုပ်ဆောင်နေကြတဲ့ လူတွေကို အားမပေးရင်ဘေးထွက်ထိုင်ပေးလိုက်ပါ။ ဆဲထုတ်တာမျိုးတော့မလုပ်ကြပါနဲ့လို့ တိုက်တွန်းလိုက်ပါတယ်။ မဟုတ်ရင်တော့ ဘလောခ့်ကာ လူကြမ်းဆု ဆိုပြီးထပ်ပေးနေအုံးမယ်ဗျ။

ဆက်ကြည့်ရန်...

Saturday, 6 December 2008

Joomla ထက်ပိုကောင်းမယ်ထင်တဲ့ MK Portal

တစ်နေ့က ကျွန်တော် Joomla 1.5 တင်လို့ကြုံခဲ့ရတဲ့ ပြဿနာတွေကိုဖြေရှင်းလို့မှမပြီးသေးပဲ စိတ်ကညစ်လာတာနဲ့ Joomla ကနေ MK Portal ဆိုတဲ့ CMS (content mangament system) ကိုပြောင်းသုံးကြည့်မိတယ်လေ။ သူကတော့ကျွန်တော့်အတွက်တော်တော်အဆင်ပြေတာကိုတွေ့ရတယ်။ မပြေလို့လဲမရတော့ဘူး လူကတော်တော်ရူးချင်နေပြီ။ MK ကတော့သူ့မှာအဆင်သင့်ပါလာတဲ့ Chat, Shoutbox, Blog, Image Gallery တွေကြောင့်တော်တော်သက်သာသွားပါတယ်။ ဒါပေမယ့် ကျွန်တော်က Forum တစ်ခုပါထည့်ချင်တာကြောင့်နည်းနည်းအလုပ်ရှုပ်ခံလိုက်ပါတယ်။ MK မှာက အဆင့်ပါပြီးသား Module တွေများပေမယ့် အသစ်ထည့်ချင်ရင်တော့ တစ်ခြား CMS တွေထက်အလုပ်ပိုရှုပ်ပါတယ်။ ဥပမာ၊ Profile Module ထည့်ချင်တယ်ဆိုပါတော့၊ Module ကို Download ချပြီးတော့ Host မှာတင်၊ Script တွေမှာလိုအပ်တာတွေကို Manual ပြန်ပြင်ရ၊ SQL queries တွေ Manual Run ရနဲ့တော်တော်အလုပ်ပေးပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့ MK ကိုပိုကြိုက်မိတယ်ဗျ။ သူက Joomla တို့လို Complex မဖြစ်ဘူး Simple Usage အနေနဲ့လုပ်ပေးထားတာဆိုတော့
အသုံးပြုနိုင်တဲ့သူပိုများမှာပါ။ MK ကိုစိတ်ဝင်စားသူတွေအတွက်အောက်မှာ Download Link တွေနဲ့ MK နဲ့ရေးထားတဲ့ နာမည်ကြီး မြန်မာ Site တွေကိုလေ့လာလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။ အားလုံးပဲ စိတ်ပါဝင်စားလို့လိုက်လုပ်ကြည့်ရင်း အခက်အခဲရှိရင်ပဲဖြစ်ဖြစ်၊ မေးချင်တဲ့ကိစ္စလေးတွေရှိရင်ပဲဖြစ်ဖြစ် Comment ထားပြီးမေးလို့ရပါတယ်။ Mail ပို့မေးချင်ရင်တော့ joker.myanmar@gmail.com ဆိုရပါတယ်။ အဆင်ပြေကြပါစေ။

MK Portal Download ကိုတော့ MK Portal မှာ Register လုပ်ပြီးရနိုင်ပါတယ်။
Portal နဲ့တွဲသုံးမယ့် Forum ကိုတော့ ဒီမှာယူပါ
MK Portal နဲ့သုံးထားတဲ့ မြန်မာ Site ကြီးတွေကတော့ yamc နဲ့ မြန်မာမိသားစု တို့ဖြစ်ပါတယ်။
ဆက်ကြည့်ရန်...

Tuesday, 2 December 2008

Joomla 1.5 နဲ့ ကျွန်တော်

အခုတစ်လော ဘလောခ့် ဇာတ်ခုံပေါ်ကပျောက်သွားလို့ တစ်ချို့သူငယ်ချင်းတွေကဘာကြောင့်လဲလို့မေးကြပါတယ်။ အရေးတယူနဲ့မေးကြတဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ နေမကောင်းလို့ပျောက်နေတာမဟုတ်ပါဘူး၊ ဘလောခ့် ဇာတ်ခုံ ကနေပြီး Joomla1.5 ဆိုတဲ့ဇာတ်ခုံမှာ သွားကနေရလို့ပါ။ ကိုယ့်ဇာတ်မဟုတ်တော့ အမျိုးမျိုးတက်လာတဲ့ ပြဿနာတွေကို
ထင်တာထက်ပိုပြီးအချိန်ယူ ဖြေရှင်းနေရလို့ပါ။ ဒါတောင် အခုထိ ပြဿနာတွေကရှိတုန်းပဲဗျ။ တော်တော်ရှုပ်တဲ့ Joomla ဗျာ။ Extensions တွေကလဲ များပေမယ့် အကျိုးမရှိတာတွေကများတယ်လေ။ ကျွန်တော်ညံ့တာလဲပါမှာပေါ့ဗျာ။ ဒါပေမယ့် Joomla ကကိုယ်တတ်ရင်တတ်သလောက် ချဲ့လို့ရတာကြောင့် သူကိုသုံးရတာကြိုက်တယ်။ တော်တော်များများ ကတော့ Joomla နဲ့ပါတ်သတ်ပြီးတော်တော်သိပြီးလောက်ပြီလို့ ထင်ပါတယ်။ မသိသေးတဲ့သူတွေအတွက်တော့ အသုံးပြုချင်ရင် အထောက်အကူဖြစ်အောင် Site နဲနဲ လမ်းညွှန်ပေးလိုက်ပါတယ်။ http://extensions.joomla.org အဲဒါက Joomla မှာထပ်ထည့်ချင်တဲ့ Functions တွေအတွက်အဆင်သင့်ရေးပြီးသား Module တွေပါ၊ http://www.bestofjoomla.com ဒါကတော့ Joomla ရဲ့ Template တွေ Forum တွေယူလို့ရတဲ့နေရာပါ။ ကျွန်တော်တွေ့သလောက်ထဲက အသုံးတဲ့မယ်ထင်တာတွေ ဖေါ်ပြပေးလိုက်တာပါ။ တစ်ခြားသိတဲ့သူတွေလဲ အများကိုဝေငှပေးချင်ရင် Comments ထားပြီးကူညီပေးနိုင်ပါတယ်။ Joomla နဲ့ပါတ်သတ်ပြီး မေးစရာရှိရင်တော့ Comments မှာဖြစ်ဖြစ် heinzaw@myanmarorganization.com ကိုဖြစ်ဖြစ် ဆက်သွယ်မေးမြန်းမယ်ဆိုရင် ကျွန်တော်သိသလောက်၊ အဖြစ်နိုင်ဆုံးအကူအညီကိုပေးသွားပါမယ်။
ဆက်ကြည့်ရန်...